Fanfics

two

20:37, 10 August 2025

Jake နဲ့ Nova ရဲ့ ဆက်ဆံရေးက အမြဲတမ်း ဒီလို အေးစက်စက်နဲ့ လှုပ်ရှားမှုမရှိခဲ့တာ မဟုတ်ခဲ့ပါ။ အချိန်တွေ နောက်ပြန်ဆုတ်ပြီး သူတို့စတင်တွဲခဲ့တဲ့ကာလကို ပြန်တွေးကြည့်ရင် နွေးထွေးမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

နေ့ရက်တွေက အရာရာတိုင်းဟာ ပျော်ရွှင်စရာတွေချည်းပါပဲ။ Jake က Nova ရဲ့ မျက်နှာပေါ်က အပြုံးလေးတွေကို မြင်ဖို့အတွက် အရာရာကို လုပ်ပေးခဲ့တယ်။ ညဘက်တွေဆိုရင် အချိန်အကြာကြီး ဖုန်းပြောကြတယ်။ မိုးလင်းခါနီးအထိ စကားတွေဖောင်ဖွဲ့ကြတယ်။ နွေးထွေးတဲ့ စကားလုံးတွေ၊ ဂရုစိုက်မှုတွေက Nova ရဲ့ နှလုံးသားကို နေ့တိုင်းနီးပါး အရည်ပျော်စေခဲ့တယ်။

Jake က Nova အတွက် ကော်ဖီခါးခါးလေး တစ်ခွက်ယူလာပေးတာကအစ အသေးအမွှားကိစ္စလေးတွေအထိ ဂရုစိုက်ပေးခဲ့၏။ ပန်းစည်းလေးတွေ၊ ချိုချဉ်ဗူးလေးတွေနဲ့ ရုတ်တရက် အံ့ဩအောင်လုပ်တတ်တဲ့ အကျင့်ကလည်း Nova ကို သူ့အပေါ် ပိုပြီးချစ်စေခဲ့သည်။

အဲဒီအချိန်တွေတုန်းက Nova က "ငါ့ဘဝမှာ Jake လို ကောင်လေးတစ်ယောက်ကိုပဲ လိုချင်ခဲ့တာ" လို့ အမြဲတမ်းတွေးခဲ့မိတယ်။ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ အရာအားလုံးက ပြောင်းလဲသွားတယ်။ နွေးထွေးခဲ့တဲ့ ဆက်ဆံရေးက တဖြည်းဖြည်း အေးစက်လာခဲ့တယ်။ နေ့တိုင်းလိုလို ပြောခဲ့တဲ့ ချစ်စကားတွေက ရှားပါးသွားပြီး အခုဆိုရင် အဲဒီစကားလုံးတွေကို ကြားရဖို့အတွက် Nova က တောင်းဆိုနေရတဲ့ အနေအထားမျိုးဖြစ်လာခဲ့သည်။

ဖုန်းခေါ်ဆိုမှုတွေဟာ တဖြည်းဖြည်း တိုတောင်းလာခဲ့သည်။ စကားတွေဖောင်ဖွဲ့ဖို့ထက် အကြောင်းပြချက်တွေ ပေးဖို့ပဲ ရှိနေခဲ့သည်။ Jake ရဲ့ ဂရုစိုက်မှုတွေက တဖြည်းဖြည်း လျော့ကျလာပြီး Nova က သူ့ရဲ့ချစ်ခြင်းမေတ္တာကို ရဖို့အတွက် အချိန်တိုင်း တောင်းပန်နေရတဲ့သူဖြစ်လာခဲ့သည်။

အခုချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အစကလို မဟုတ်တော့ဘဲ အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာခဲ့သည်။ ချစ်ခြင်းမေတ္တာက နာကျင်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပျော်ရွှင်ခဲ့တဲ့ အမှတ်တရဟောင်းတွေက Nova ရဲ့ နှလုံးသားကို ပိုပြီးနာကျင်စေတော့တာပါပင်။

ဒီညတော့ Jake နဲ့ တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ Nova ရဲ့ နှလုံးသားဟာ ပြန်လည်အသက်ဝင်လာခဲ့သည်။

Jake ပေးခဲ့တဲ့ကတိလေးက သူမအတွက် အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုလို ဖြစ်နေခဲ့သည်။

Nova တစ်ယောက် သူမရဲ့ အကောင်းဆုံး အဝတ်အစားလေးတွေကို ထုတ်ပြီး ဝတ်ဆင်ထားလိုက်သည်။ အလှပြင်ဆင်ပြီးတိုင်း မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး အပြုံးလေးတွေ ပြန်လည်လေ့ကျင့်နေခဲ့ရသည်။ "ဒီညတော့ Jake နဲ့ ပျော်ရွှင်ရတော့မယ်" လို့ ရေရွတ်ရင်း သူမရဲ့ မျက်ဝန်းထဲမှာ အရောင်အသွေးတွေ ပြန်လည်တောက်ပလာခဲ့သည်။ကော်ဖီဆိုင်မှာ အေးစက်စက် ဖြတ်သန်းခဲ့တဲ့ သူမရဲ့ မွေးနေ့က အခုတော့ ပျောက်ကွယ်သွားခဲ့သလို ခံစားနေရသည်။

အခုချိန်မှာတော့ သူမရဲ့ စိတ်ထဲမှာ Jake တစ်ယောက်တည်းသာ ရှိနေခဲ့တယ်။ Jake ဘယ်အချိန်လာခေါ်မလဲဆိုတာကို မျှော်လင့်နေရင်း Nova က ဖုန်းကိုသာ အကြိမ်ကြိမ်ကြည့်နေမိတော့တယ်။

တစ်နာရီ၊ နှစ်နာရီ... အချိန်တွေသာ ကုန်ဆုံးသွားခဲ့ပေမယ့် Jake ဆီက ဖုန်း Call တစ်ခု၊ မက်ဆေ့ချ်တစ်စောင်မှ ဝင်မလာခဲ့ဘူး။

Nova ရဲ့ မျက်နှာပေါ်က အပြုံးတွေက တဖြည်းဖြည်း မှေးမှိန်လာပြီး စိတ်ထဲမှာလည်း အလိုလို စိုးရိမ်ပူပန်လာခဲ့တယ်။

"တစ်ခုခုများ ဖြစ်နေလား" ဆိုတဲ့ အတွေးတွေက သူမရဲ့ ခေါင်းထဲမှာ ပေါ်လာပြီး ပျော်ရွှင်နေတဲ့ ခံစားချက်တွေကို အစားထိုးလိုက်၏။

ညနက်လာတော့ မျှော်လင့်ချက်တွေအားလုံး လေထဲပျောက်ကွယ်သွားခဲ့သည်။ Jake က သူမကို မေ့သွားပြန်ပြီဆိုတာကို Nova အသိအမှတ်ပြုလိုက်သည်။ အင်္ကျီအသစ်လေးက သူမရဲ့ ခန္ဓာကိုယ်မှာ လှပနေပေမယ့် ဒီလှပမှုတွေကို Jake က မြင်ခွင့်မရခဲ့ပါဘူး။

"ဟင့်အင်း... မဟုတ်သေးပါဘူး သူ အလုပ်များနေလို့ ဖြစ်မှာပါ" လို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပြန်တယ်။ ဒါပေမဲ့ ရင်ထဲမှာတော့ အလွန်နာကျင်နေခဲ့တယ်။ Jake ပေးထားတဲ့ ကတိတိုင်းဟာ ဘယ်တော့မှ လက်တွေ့မဖြစ်ခဲ့တာကို သူမ နားလည်သည်။ မျှော်လင့်ခြင်းတွေဟာ ဘယ်တော့မှ အမှန်တကယ် မဖြစ်လာနိုင်ခဲ့ပါဘူး။ သူမရဲ့ နှလုံးသားထဲမှာတော့ ဒီအချစ်ဟာ အေးစက်စက်နဲ့ မီးမလောင်နိုင်တော့တဲ့ မီးခဲတစ်ခုလို ဖြစ်နေခဲ့ပြီဆိုတာ...။

Jake အဝတ်အစားတွေ သေချာပြင်ဆင်ပြီး Nova ဆီသွားဖို့ အိမ်တံခါးဖွင့်လိုက်သည်။ အပြင်ရောက်တော့ သူ့သူငယ်ချင်းတွေက ကားနဲ့ ရောက်နှင့်နေတာကို တွေ့လိုက်ရ၏။

"ဟေ့ကောင် Jake ဘယ်လဲ"

"Nova ဆီသွားမလို့"

Jake ရဲ့ အဖြေကိုကြားတော့ သူငယ်ချင်းတွေက မအံ့ဩတဲ့ပုံစံနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။

"ကတိပေးထားတာကိုး" လို့ ခပ်ပြုံးပြုံးပြောရင်း သူတို့ထဲက တစ်ယောက်က ဆက်ပြောလာသည်။

"ဒါပေမဲ့ ဒီနေ့တော့ အဲဒီကိစ္စလေးကို ခဏထားလိုက်ပါဦး ငါတို့နဲ့အတူ Bar သွားထိုင်ရအောင်ကွာ"

Jake ခဏတာတော့ Nova ကို ပေးထားတဲ့ကတိကို စဉ်းစားမိတယ်။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေရဲ့ စကားက သူ့ကို ပိုပြီးဆွဲဆောင်နေခဲ့တယ်။ Nova နဲ့ အတူရှိနေရတဲ့အချိန်တွေက အခုနောက်ပိုင်း သူအတွက် ပျော်ရွှင်စရာမဖြစ်တော့သလိုပဲ။

တကယ်တမ်းပြောရရင် သူမရဲ့ နားလည်ပေးမှုတွေ၊ အလျှော့ပေးမှုတွေက သူ့ကို ပိုပြီး စိတ်ကုန်လာစေတယ်။

"ဒီတစ်ခါပဲဟာ... နောက်မှ Nova ကို လျှော်လိုက်ရင်ရတာပဲ" လို့ Jake စိတ်ထဲကနေ တွေးလိုက်သည်။

"အေး... သွားမယ်လေကွာ"

Jake က သူငယ်ချင်းတွေဘက်ကို လှည့်ပြောလိုက်ပြီး ကားပေါ်တက်လိုက်တော့သည်။ ကားလေးက ရှေ့ကို ထွက်ခွာသွားတာနဲ့အမျှ သူ့စိတ်ထဲမှာ Nova ကို ပေးထားတဲ့ကတိက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့တယ်။ သူ့အတွက်တော့ Nova ရဲ့ မျက်ရည်တွေထက် သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်နေရတဲ့အချိန်တွေကိုပဲ ပိုပြီးတန်ဖိုးထားနေသလို ဖြစ်နေခဲ့သည်။

ညရဲ့ အမှောင်ထုက လွှမ်းခြုံနေတဲ့ ဘားတစ်ခုထဲမှာ ဆူညံသံတွေနဲ့ တေးဂီတသံတွေက ပျံ့လွင့်နေသည်။ Jake တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့အတူ စားပွဲတစ်ခုမှာ ထိုင်ရင်း အရက်ကို တစ်ကျိုက်ပြီး တစ်ကျိုက် မော့ချနေသည်။ အလင်းရောင်မှိန်မှိန်အောက်မှာ သူရဲ့မျက်နှာက ပျော်ရွှင်နေပေမယ့် မျက်ဝန်းတွေကတော့ ဗလာဖြစ်လို့နေသည်။

သူ့ပတ်ဝန်းကျင်ကလူတွေ အားလုံးက ရယ်မောပြောဆိုနေကြပေမယ့် Jake ကတော့ စကားသိပ်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ သူ့ရဲ့လက်ထဲက ဖုန်းကို ကြည့်လိုက်တော့ Nova ဆီက မက်ဆေ့ချ်အသစ်တွေ ထပ်ဝင်နေတာကို တွေ့လိုက်ရတယ်။ "ဘယ်ရောက်နေလဲ"၊ "ဘာဖြစ်လို့လည်း"၊ "ငါ စောင့်နေတယ်" ဆိုတဲ့ စာတွေက အစီအရီဖြစ်လို့နေသည်။

"ငါတို့ပျော်နေတာကို အနှောင့်အယှက်မပေးပါနဲ့"

သူ့စိတ်ထဲကနေ ဒီလိုပြောလိုက်ပြီး Jake က ဖုန်းကို စားပွဲပေါ်မှာ မှောက်ထားလိုက်တယ်။ Nova ရဲ့ စိုးရိမ်ပူပန်မှုတွေက သူ့အတွက် အရေးမကြီးတော့ဘူး။ အခုချိန်မှာ သူ့အတွက် အရေးကြီးတာက ဘားထဲမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေဖို့ပဲ ဖြစ်နေတယ်။

"ဟေ့ကောင်... မင်းကောင်မလေးက မင်းကို တော်တော်ချစ်ရှာတယ်နော်"

ဘေးနားက သူငယ်ချင်းတစ်ယောက်က Jake ကို နောက်လိုက်သည်။

"အေးပေါ့... သူမက ငါ့အတွက် ဘယ်တော့မှ အရေးမပါဘူး"

Jake ရဲ့ အဖြေကြောင့် သူငယ်ချင်းတွေအားလုံး ရယ်လိုက်ကြသည်။ Jake ရဲ့ ရယ်သံက ခပ်တိုးတိုးပဲ ထွက်ပေါ်လာခဲ့သည်။ တကယ်တော့ သူဟာ အပြင်ပန်းမှာ ရယ်နေပေမယ့် သူ့ရဲ့ အတွင်းစိတ်ကတော့ အေးစက်စက်နဲ့ လုံးဝကို သေသလိုမျိုး ဖြစ်နေခဲ့သည်။

ဘားထဲက အလင်းရောင်တွေ၊ ဆူညံသံတွေက သူ့ရဲ့ အတွင်းထဲက အမှောင်ထုကို မဖျောက်ဖျက်ပေးနိုင်ခဲ့ဘူး။ သူ့အတွက် Nova က ဘယ်တော့မှ တန်ဖိုးရှိတဲ့သူတစ်ယောက် မဖြစ်ခဲ့သလိုပဲ၊ သူကိုယ်တိုင်ကလည်း ဘယ်တုန်းကမှ Nova ကို တကယ်မချစ်ခဲ့ဘူးဆိုတာကို သူ သေချာသိနေခဲ့သည်။

အရက်ခွက်ကို ကိုင်ထားတဲ့ Jake ရဲ့ မျက်လုံးတွေက ဘားတံခါးဝဆီကို ရုတ်တရက် ရောက်သွားသည်။ တံခါးကိုဖွင့်ပြီး ဝင်လာတဲ့ ကောင်မလေးတစ်ယောက်ကြောင့် ဘားတစ်ခုလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။ ညအမှောင်ကို ထွင်းဖောက်ပြီး ဝင်လာတဲ့ အလင်းရောင်တစ်ခုလိုပဲ သူမက လှပလွန်းနေသည်။

ရှည်လျားတဲ့ ဆံပင်အနက်ရောင်တွေက သူမရဲ့ ကျောပြင်ပေါ်မှာ လှိုင်းထနေပြီး ညှို့အားပြင်းတဲ့ မျက်ဝန်းတွေ၊ ပြုံးလိုက်တိုင်း ပေါ်လာတဲ့ နှုတ်ခမ်းနီရဲရဲက ဘားထဲက လူအများစုရဲ့ အကြည့်တွေကို ဖမ်းစားနိုင်ခဲ့သည်။ သူမရဲ့ မျက်နှာပေါ်မှာ ဘာခံစားချက်မှ မရှိဘဲ အေးစက်စက်နဲ့ လှုပ်ရှားနေတဲ့ ဟန်ပန်က Jake ကို ချက်ချင်းပဲ စွဲဆောင်သွားစေသည်။

Jake သူ့လက်ထဲက အရက်ခွက်ကို စားပွဲပေါ်မှာ ပြန်ချလိုက်သည်။ သူ့မျက်လုံးတွေက သူမရဲ့ လှုပ်ရှားမှုတိုင်းနောက်ကို တကောက်ကောက် လိုက်နေခဲ့သည်။

"ဘယ်သူလဲ" လို့ သူ့စိတ်ထဲကနေ ရေရွတ်လိုက်မိတယ်။ သူမကို မြင်လိုက်တဲ့အခါ Jake ရဲ့ ရင်ခုန်သံတွေက အရင်ကထက် ပိုပြီး မြန်လာသလို ခံစားလိုက်ရတယ်။ Nova နဲ့ တွဲခဲ့တဲ့ ၇ လလုံးမှာ ဒီလိုခံစားချက်မျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။

"Jake... မင်း ဘာဖြစ်နေတာလဲ"

သူ့သူငယ်ချင်းတစ်ယောက်က မေးလိုက်တော့ Jake အကြည့်တွေ လွှဲလိုက်ပြီး အပြုံးတစ်ခုကို ပြန်ရှာတွေ့သွားတယ်။ ဒါဟာ Nova ဆီကနေ အပြစ်တင်စကားတွေကို ကြားရတိုင်း မျက်နှာဖုံးစွပ်နေကျ အပြုံးမျိုး မဟုတ်ခဲ့ဘူး။ အခုချိန်မှာ သူ့ရင်ခုန်သံတွေက ပုံမှန်မဟုတ်ဘဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ တုန်လှုပ်နေခဲ့တယ်။

"ဟင့်အင်း... ဘာမှမဖြစ်ပါဘူး"

Jake က ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်ပေမယ့် သူ့အကြည့်တွေက အဲဒီကောင်မလေးဆီကို ပြန်ရောက်သွားခဲ့တယ်။ သူမက ဘားကောင်တာမှာ ထိုင်ပြီး ဘားသမားနဲ့ စကားပြောနေတာကို Jake ငေးကြည့်နေခဲ့တယ်။ အခုချိန်မှာ သူ့စိတ်ထဲမှာ Nova အကြောင်းဆိုတာ လုံးဝကို မရှိတော့ဘူး။ သူ့စိတ်ထဲမှာတော့ ဒီကောင်မလေးကို သိကျွမ်းဖို့၊ သူမနဲ့ နီးစပ်ဖို့ဆိုတဲ့ အတွေးတစ်ခုတည်းသာ ကြီးစိုးနေတော့၏။

Jake သူ့သူငယ်ချင်းတွေကို ခဏထားခဲ့ပြီး ဘားကောင်တာဘက်ကို လျှောက်သွားလိုက်သည်။ သူအခုလို လုပ်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါ။ သူ့စိတ်ထဲမှာတော့ Nova ကို လုံးဝမေ့ထားလိုက်နိုင်ပြီး အခုမှပဲ သူ့ဘဝက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းလာသလို ခံစားနေရသည်။

ဘားကောင်တာမှာ ထိုင်နေတဲ့ ကောင်မလေးနားကို ရောက်တော့ ခပ်မိုက်မိုက်အပြုံးနဲ့ နေရာဝင်ထိုင်လိုက်ပြီး ဘားသမားကို ဝီစကီတစ်ခွက် မှာလိုက် ပြီးတော့ မျက်လုံးတစ်ဖက်မှိတ်ပြရင်း အထာပေးလိုက်သည်။

သူမကတော့ သူ့ကို တစ်ချက်ကြည့်ပြီး မျက်နှာလွှဲလိုက်တယ်။ အေးစက်စက်နဲ့ မတုံ့ပြန်တာက Jake ကို ပိုပြီး ဆွဲဆောင်နေခဲ့တယ်။

"ဒီမှာ... တစ်ယောက်တည်းလား"

Jake က စကားစလိုက်တယ်။ သူမက သူ့ကို ပြန်မကြည့်ဘဲ "ဟုတ်တယ်" လို့ ခပ်တိုတိုပဲ ဖြေလိုက်တယ်။

"ကျွန်တော်က Jake ပါ ဒီမှာ ဒီလိုလှတဲ့ကောင်မလေးတစ်ယောက်တည်း ရှိနေတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်လို့ပါ"

ဒီစကားကိုပြောတော့ သူမရဲ့ နှုတ်ခမ်းနီရဲရဲက ခပ်ပါးပါးလေး ပြုံးလိုက်တယ်။ သူမရဲ့ အပြုံးက Jake ကို ပိုပြီး စိတ်လှုပ်ရှားစေတယ်။ သူမက Jake ကို ပြန်လှည့်ကြည့်ပြီး မျက်လုံးချင်းဆိုင်လိုက်တယ်။ သူမရဲ့ အကြည့်တွေက စိန်ခေါ်နေသလိုမျိုး ခံစားရတယ်။

"နာမည်က Kira ပါ"

သူမရဲ့ နာမည်ကို ကြားလိုက်ရတဲ့အခါ Jake ရဲ့ ရင်ထဲမှာ မကောင်းတဲ့ခံစားချက်တစ်ခု ဖြတ်ပြေးသွားတယ်။ ဒါဟာ မတော်တဆတိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် တမင်လုပ်ခဲ့တာလားဆိုတာ သူခွဲခြားလို့မရဘူး။ ဒါပေမဲ့ ဒီနာမည်လေးကြောင့် သူ့စိတ်ထဲမှာ ပေါ်လာတဲ့ Nova ဆိုတဲ့ ကောင်မလေးကို သူချက်ချင်းပဲ မေ့ပစ်လိုက်သည်။ သူ့စိတ်ထဲမှာ အခုရှိနေတာက ဒီအလှပဂေးလေး Kira ပဲ ဖြစ်သည်။

"ကောင်းပြီ Kira... ဒီည မင်းနဲ့အတူ ရှိနေချင်တယ်"

Jake ရဲ့ စကားအဆုံးမှာ Kira က အရက်ခွက်ကို ကိုင်ပြီး ထရပ်လိုက်သည်။

"ဒီညလား... မဖြစ်နိုင်သေးဘူးထင်တယ်"

သူမစကားကြောင့် Jake အနည်းငယ် စိတ်ပျက်သွားပေမယ့် Kira ရဲ့ နောက်စကားက သူ့ကို မျှော်လင့်ချက်တွေ ပေးလိုက်တယ်။

"ဒါပေမဲ့ ဖုန်းနံပါတ်ကိုတော့ ပေးခဲ့လို့ရတယ်"

Jake ချက်ချင်းပဲ ပျော်ရွှင်စွာနဲ့ သူမကို သူ့ဖုန်းနံပါတ်ကို ပေးလိုက်တယ်။ သူမကတော့ ဖုန်းနံပါတ်ကို ယူလိုက်ပြီး ခပ်သွက်သွက်ပဲ ထွက်ခွာသွားခဲ့တယ်။ သူမနောက်ကျောကို ငေးကြည့်နေတဲ့ Jake ရဲ့ မျက်နှာပေါ်မှာ အောင်နိုင်သူတစ်ယောက်ရဲ့ အပြုံးက ထင်ထင်ရှားရှား ပေါ်နေခဲ့တယ်။

Jake တစ်ယောက် ဘားထဲကနေ ထွက်လာခဲ့ပြီးနောက် လတ်ဆတ်တဲ့ လေကို ရှူရှိုက်လိုက်သည်။ ခေါင်းထဲမှာတော့ Kira ဆိုတဲ့ ကောင်မလေးရဲ့ ပုံရိပ်က လွှမ်းမိုးနေခဲ့တယ်။ Jake ရဲ့ ရုပ်ရည်က ချောမောပြေပြစ်တာကြောင့် မိန်းကလေးတိုင်းရဲ့ အာရုံစိုက်မှုကို အမြဲတမ်း ရရှိခဲ့တယ်။ သူ့အတွက် မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားအောင် လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုပဲ ဖြစ်ခဲ့သည်။

ဒါပေမဲ့ Nova ကတော့ အဲဒီလို မဟုတ်ခဲ့ဘူး။ Nova က လှပတယ်ဆိုတဲ့ အဆင့်မှာ မရှိဘဲ ရိုးရိုးရှင်းရှင်းနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပဲ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ Nova ရဲ့ စိတ်နေစိတ်ထားက လှပလွန်းတာကြောင့် Jake က အချိန်တစ်ခုအထိ စွဲလမ်းခဲ့ဖူးတာတော့ အမှန်ပဲ။ အချိန်ကြာလာတော့ Nova ရဲ့ ရိုးသားဖြူစင်တဲ့ အချစ်က Jake အတွက် ပျင်းရိစရာဖြစ်လာပြီး အထာပေးရခက်တဲ့၊ ဆန်းကြယ်တဲ့ မိန်းကလေးမျိုးကိုပဲ သူ စိတ်ဝင်စားခဲ့တယ်။

"ငါ့လိုလူက Kira လိုမျိုး လှပတဲ့ကောင်မလေးနဲ့မှ လိုက်ဖက်တာ" လို့ Jake စိတ်ထဲကနေ တွေးနေမိတယ်။ Nova နဲ့ တွဲခဲ့တဲ့ ၇ လတာကာလအတွင်းမှာ Jake ရဲ့ စိတ်ကူးအိပ်မက်တွေထဲမှာ အမြဲရှိနေခဲ့တဲ့ မိန်းကလေးမျိုးက Kira လိုပုံစံမျိုးပင်။

ရုပ်ရည်လှပပြီး ဆန်းကြယ်တဲ့ အသွင်အပြင်၊ အေးစက်စက်နဲ့ မလွယ်ကူတဲ့ စရိုက်ကို သူ လိုချင်ခဲ့တာ။ အဲဒါကြောင့်ပဲ Nova ရဲ့ ရိုးသားဖြူစင်တဲ့ အချစ်ကို သူ မျက်ကွယ်ပြုခဲ့တာ။

ဖုန်းကိုဖွင့်ကြည့်တော့ Nova ဆီက မက်ဆေ့ချ်တွေ ထပ်ဝင်နေတာကို တွေ့လိုက်ရတယ်။

"ဒီနေ့ ဘယ်တွေရောက်နေလဲ" ဆိုတဲ့ မေးခွန်းတွေက Jake ကို ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ အခုချိန်မှာ သူ့စိတ်ထဲမှာ Nova အတွက် နေရာမရှိတော့ဘူးဆိုတာကို သူ သေချာသိနေပြီ။ Nova ရဲ့ အချစ်ကို ရယူဖို့အတွက် အချိန်ကုန်ခံနေရမယ့်အစား Kira လိုကောင်မလေးမျိုးကို ရဖို့အတွက် အချိန်ကုန်ခံရတာက ပိုပြီးတန်ဖိုးရှိတယ်လို့ Jake ခံစားလိုက်ရတယ်။

သူ့အတွက်တော့ Nova ဟာ အချိန်မရွေး လွယ်လွယ်ကူကူရနိုင်တဲ့ သူတစ်ယောက်ဖြစ်ပြီး Kira ကတော့ စိန်ခေါ်မှုတစ်ခုလို ဖြစ်နေခဲ့တယ်။ Jake က သူ့စိတ်ကူးထဲက မိန်းကလေးကို ရှာတွေ့ပြီလို့ ခံစားနေရပေမယ့် တကယ်တမ်းမှာတော့ သူဟာ အချစ်စစ်ကို စွန့်လွှတ်ပြီး စိန်ခေါ်မှုတွေကိုပဲ ရှာဖွေနေတဲ့ ကောင်လေးတစ်ယောက်သာ ဖြစ်နေခဲ့သည်။

Jake ကားမောင်းပြန်လာရင်းနဲ့ သူ့ကိုယ်သူပြုံးမိသည်။ သူ့စိတ်ထဲမှာတော့ ဘားထဲမှာတွေ့ခဲ့တဲ့ Kira ဆိုတဲ့ ကောင်မလေးရဲ့ ပုံရိပ်က လွှမ်းမိုးနေတုန်းပဲ။ အဲ့ဒီအချိန်မှာ ဖုန်းသံမြည်လာတယ်။ မျက်နှာပြင်ပေါ်မှာ ပေါ်နေတဲ့ Nova ရဲ့ နာမည်ကို မြင်တော့ Jake ခပ်ပါးပါးလေး ပြုံးလိုက်တယ်။ သူ့အတွက် Nova ရဲ့ အချစ်က ဘယ်လောက်တောင် လွယ်ကူလဲဆိုတာကို ပြန်သတိရသွားတာကြောင့်ပင်။

"ဟဲလို Jake..."

ဖုန်းကိုင်လိုက်တော့ Nova ရဲ့ အသံလေးက နားဝင်ပီရုံလေး ကြားလိုက်ရတယ်။

"အင်း Nova... ပြော"

"ဘယ်ရောက်နေတာလဲ... စိတ်ပူနေတာ"

Nova ရဲ့ စကားကိုကြားတော့ Jake အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သူ့ရဲ့ လွတ်လပ်မှုကို အချိန်တိုင်း ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ခံစားရသည်။

"ငါ အပြင်မှာ သူငယ်ချင်းတွေနဲ့ ရှိနေတာပါ... စိတ်မပူပါနဲ့"

Jake ရဲ့ အေးစက်စက် အဖြေကိုကြားတော့ Nova က တိတ်ဆိတ်သွားသည်။ ပြီးမှ တိုးတိုးလေး ဆက်ပြောလာသည်။

"ကောင်းပြီ... ဒါပေမဲ့ နောက်တစ်ခါဆိုရင် အကြောင်းကြားပေးပါနော်"

ဒီလို စကားတွေကိုကြားရတိုင်း Jake စိတ်ထဲကနေ ဟားတိုက်မိသလို ခံစားနေရတယ်။ Nova သူ့ကို စွဲလမ်းတာ မဆန်းပါဘူးလို့တောင် တွေးမိတယ်။ အရင်ကဆိုရင် ဒီလိုစကားမျိုးပြောရင် "ကောင်းပါပြီ Nova ရယ်" လို့ ပြန်ပြောပေးမိခဲ့ပေမယ့် အခုချိန်မှာတော့ Jake လုံးဝ စိတ်မဝင်စားတော့ပါ။

"ကောင်းပြီ... ငါအလုပ်များနေလို့ ဖုန်းချလိုက်တော့မယ်"

ဖုန်းကို ပိတ်ပစ်လိုက်ပြီးနောက်မှာ Jake တစ်ယောက် Nova ကို တွေးပြီး ရယ်မောနေမိသည်။ သူ့ဘဝရဲ့ အချစ်ရေးမှာ အမြဲတမ်း သူကပဲ အောင်နိုင်သူတစ်ယောက်ဖြစ်နေတယ်လို့ ခံစားနေရတာကြောင့်ပင်။ Nova ရဲ့ အချစ်က သူ့ကို ပိုပြီး မာနအတ္တကြီးစေသည်။ စိတ်ရှိတိုင်းပြုမူနေရင်တောင် Nova က သူ့ကို အမြဲတမ်းခွင့်လွှတ်ပေးနေမှာပဲလို့ သူသိနေခဲ့တာ...။

Jake ရဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အချစ်ထဲမှာ Nova ဟာ စွဲလမ်းမှုနဲ့ပဲ နစ်မွန်းနေပြီး လွတ်မြောက်ဖို့လမ်းကို သူမ မရှာတွေ့နိုင်သေးပါ။

Jake ဆီက ဖုန်းချသွားပြီးတဲ့နောက် Nova တစ်ယောက် ဖုန်းကို ရင်ဘတ်ပေါ်တင်ပြီး အသက်ရှူမှားသွားသလို ခံစားလိုက်ရသည်။ သူ့ရဲ့ အေးစက်စက်လေသံက သူမရဲ့ နှလုံးသားကို ဆတ်ခနဲ လှုပ်ခါသွားစေတယ်။ "အလုပ်များနေလို့ပါ" ဆိုတဲ့ စကားလုံးက အခုချိန်မှာ လိမ်ညာမှုတစ်ခုဆိုတာကို Nova ကောင်းကောင်းသိနေပြီ။

သူ့ကို ပေးထားတဲ့ကတိက ဘာမှအရေးမကြီးတော့ဘူးဆိုတာကို သဘောပေါက်လိုက်တဲ့အခါ Nova ရဲ့ မျက်ဝန်းထဲက မျက်ရည်တွေက ပါးပြင်ပေါ်ကို စီးကျလာခဲ့သည်။ ဒီည သူမရဲ့မွေးနေ့မှာ သူနဲ့အတူတူ ပျော်ရွှင်ချင်ခဲ့တာ။ အတူတူရယ်မောချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ သူမတစ်ယောက်တည်းပဲ ဝမ်းနည်းပူဆွေးနေခဲ့ရတယ်။

"ငါ ဘာလုပ်မိလို့လဲ"

ဒီမေးခွန်းက သူမရဲ့ ခေါင်းထဲမှာ အကြိမ်ကြိမ်ပေါ်လာခဲ့တယ်။ သူမ ဘာအမှားလုပ်မိလို့လဲ။ သူ့ကို ပိုပြီးချစ်မိလို့လား။ သူမရဲ့ အချစ်တွေက သူ့အတွက် ပျင်းစရာဖြစ်သွားခဲ့တာလား။

စားပွဲပေါ်မှာ တင်ထားတဲ့ မွေးနေ့ကိတ်အသေးလေးကို Nova ငေးကြည့်နေမိတယ်။ "Happy Birthday Nova" ဆိုတဲ့ စာသားလေးက သူမရဲ့ အထီးကျန်ဆန်မှုကို ပိုပြီးထင်ရှားစေတယ်။ ကိတ်မုန့်ပေါ်က ဖယောင်းတိုင်လေးကို သူမ မီးထွန်းလိုက်တယ်။ မျက်ရည်တွေကြားကနေ ဆုတောင်းလိုက်မိတယ်။ "Jake နဲ့ ငါ့ရဲ့အချစ်က အစကလို နွေးထွေးလာပါစေ" ဆိုပြီး ဆုတောင်းလိုက်ပေမယ့် သူမရဲ့ နှလုံးသားက ဒီဆုတောင်းက ပြည့်မှာမဟုတ်ဘူးဆိုတာကို သေချာသိနေတယ်။

ဖယောင်းတိုင်မီးလေးကို မှုတ်လိုက်တဲ့အခါ မီးခိုးငွေ့တွေက လေထဲမှာ ပျောက်ကွယ်သွားသလိုပဲ Nova ရဲ့ မျှော်လင့်ချက်တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။ Jake ရဲ့ အချစ်ကို ရဖို့အတွက် အချိန်တိုင်း တောင်းပန်နေရတဲ့သူ၊ နာကျင်မှုတွေကို ရင်ဆိုင်နေရတဲ့သူဟာ အမြဲတမ်း Nova ပဲ ဖြစ်နေခဲ့တယ်။ အခုတော့ သူမအတွက် မျက်ရည်တွေက ပျော်ရွှင်မှုထက် ပိုပြီးအကျွမ်းဝင်နေခဲ့ပြီ။

Tbc>>>

Total Words - #3403

There are no comments yet. Log in to be the first to leave a review!

Similar stories