Fanfics

one

16:37, 7 August 2025

ကော်ဖီဆိုင်လေးဟာ လှုပ်လှုပ်ရှားရှားနဲ့ စည်ကားနေပေမယ့် Nova ရဲ့ စိတ်အခြေအနေကတော့ တိတ်ဆိတ်အေးစက်လို့နေပါသည်။ မျက်နှာပေါ်က မကောင်းတဲ့အရိပ်အယောင်တွေကို အထင်းသားမြင်နေရတဲ့ သူမရဲ့ သူငယ်ချင်းက စိုးရိမ်တကြီးနဲ့ မေးလိုက်၏။

"ဘာဖြစ်လာတာလဲ Nova... မနက်ကတည်းက မျက်နှာက မကောင်းဘူး Jake နဲ့ ဘာဖြစ်ပြန်ပြီလဲ"

Nova သူမရဲ့ ကော်ဖီ ခွက်ကို ဖြေးဖြေးချင်း မွှေရင်း ခေါင်းခါပြလိုက်သည်။ သူမရဲ့ မျက်ဝန်းတွေက ညို့မှိုင်းနေပြီး အသက်မဲ့နေသလိုပင်။

မနေ့ညက Jake ဆီက ရရှိခဲ့တဲ့ စာတိုလေးတစ်စောင်ကို သူမ ပြန်သတိရလိုက်တယ်။ အဲဒီစာဟာ ချစ်စရာစကားလုံးလေးတွေတော့ မဟုတ်ခဲ့။ အရင်ကလိုပဲ အပြစ်တင်တာတွေ၊ စိတ်ပျက်တယ်ဆိုတဲ့ စကားတွေပဲ ဖြစ်နေခဲ့တယ်။

"ဟင့်အင်း... ဘာမှမဖြစ်ပါဘူး"

Nova က လိမ်ပြောလိုက်ပေမယ့် သူမရဲ့ အသံက တုန်ယင်နေသည်။ သူမအသံကိုကြားတော့ သူငယ်ချင်းဖြစ်သူက မျက်မှောင်ကြုတ်သွားသည်။

"လိမ်မနေနဲ့ Nova... နင် Jake ကို ဘယ်လောက်ချစ်တယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ သူက နင့်ကို အမြဲတမ်းနာကျင်အောင်ပဲ လုပ်နေတာလေ ဒီနေ့နင့်မွေးနေ့ဆိုတာ သူသိရဲ့လား"

သူငယ်ချင်းရဲ့ စကားကြောင့် နှလုံးသားတစ်နေရာက အောင့်တက်သွားတယ်။ ဟုတ်တယ်... ဒီနေ့ သူမရဲ့ မွေးနေ့။ Jake ဆီက မနက်အစောကြီး စာတစ်စောင်လောက်တော့ ရလိမ့်နိုးနဲ့ သူမ မျှော်လင့်ခဲ့မိသေးတယ်။ဒါပေမဲ့ မျှော်လင့်ချက်က မျှော်လင့်ချက်အတိုင်းပဲ ဖြစ်သွားခဲ့တယ်။ သူမကို ချစ်တယ်လို့ အမြဲပြောနေတဲ့သူက သူမရဲ့ မွေးနေ့ကိုတောင် မေ့နေခဲ့တာ...။

"သူအလုပ်များနေလို့ပါဟာ... ငါ နားလည်ပါတယ်"

Nova က သူ့ကိုယ်သူ နှစ်သိမ့်ရင်း ခပ်ဖွဖွပြောလိုက်သည်။ အမှန်တော့ သူမဘက်က အမြဲတမ်းနားလည်ပေးနေခဲ့တာ ရေတွက်လို့တောင်မရတော့ဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ သူမအချစ်က နားလည်မှုထက် နာကျင်မှုကို ပိုပြီးပေးနေသလို ခံစားရသည်။

"ဒီလိုပါပဲ... အမြဲတမ်း နင်ပဲ နားလည်ပေးနေရတာ Jake က နင့်ကိုတကယ်ချစ်ရဲ့လား Nova... နင်ဟာ သူ့အတွက် ပျော်ရွှင်စရာတစ်ခု အဖော်တစ်ယောက်သက်သက်ပဲ ဖြစ်နေတာလားဆိုတာ နင် စဉ်းစားကြည့်ဖို့လိုပြီ"

သူငယ်ချင်းရဲ့ စကားတွေက Nova အတွက် တိတ်ဆိတ်တဲ့ မနက်ခင်းတစ်ခုကို ပိုပြီး ကြေကွဲသွားစေတယ်။ ကော်ဖီခါးခါးတစ်ခွက်ကို သူမ ငေးကြည့်ရင်း Jake ဆီက ဖုန်းဝင်လာနိုးနိုးနဲ့ မျှော်လင့်နေမိပြန်တယ်။

ပြီးခဲ့တဲ့ညက Jake ပို့လိုက်တဲ့ စာတိုလေးတစ်စောင်ကို သူမ ပြန်သတိရသွားသည်။ စာထဲမှာ ရေးထားတာက "ဒီည သူငယ်ချင်းတွေနဲ့ Night Out ထွက်မှာမို့ မနှောင့်ယှက်နဲ့" တဲ့လေ။

စကားလုံးတိုင်းက ချစ်သူဆီကလာတာ မဟုတ်ဘဲ သူစိမ်းတစ်ယောက်ရဲ့ စာလို ခံစားရတယ်။ သူမရဲ့ မွေးနေ့မှန်း သိနေပေမယ့် ဒီလို အေးစက်စက်စာတစ်စောင်ကို ပို့ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပါးဖို့ကိုပဲ ရွေးချယ်သွားခဲ့တာ။

"ငါ အဆင်ပြေပါတယ်ဟာ... သူတို့ကောင်လေးတွေဆိုတာ ဒါမျိုးပါပဲ"

Nova က အားတင်းပြီး ရယ်ပြလိုက်ပေမယ့် သူမရဲ့ မျက်လုံးတွေကတော့ မှေးမှိန်လို့နေသည်။ သူငယ်ချင်းဖြစ်သူက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်ကာ...

"အဆင်မပြေမှန်း ငါသိတယ် နင် အမြဲတမ်းအဲ့လိုပဲ အကြောင်းပြချက်တွေပေးပြီး သူ့ဘက်ကနေ ကာကွယ်ပေးနေတာ သူက နင့်ကို ဂရုမစိုက်တာကို နင်အမြဲတမ်း မျက်ကွယ်ပြုနေတာ နင်တို့ တွဲလာတာ ၇ လရှိပြီ Nova... ဒါပေမဲ့ Jake က နင့်အတွက် တစ်ကြိမ်တစ်ခါတောင် အချိန်ပေးဖူးရဲ့လား"

ဒီစကားကို ကြားလိုက်ရတဲ့အခါ Nova နှလုံးသားတစ်ခုလုံး လှုပ်ခါသွားသည်။ ဟုတ်ပါတယ်... ၇ လရှိပြီ။ သူငယ်ချင်းတွေနဲ့ ပျော်ပါးဖို့အချိန်က ရှိပြီး သူမအတွက်ကျတော့ အမြဲတမ်း အလုပ်များနေတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပဲ ဖြတ်သန်းခဲ့ရတာ။

"ငါတို့ လမ်းခွဲသင့်ပြီလို့ နင်မထင်ဘူးလား"

သူမ ရင်ထဲက ပေါက်ထွက်လာတဲ့ စကားလုံးတွေက သူမကိုယ်တိုင်တောင် မယုံကြည်နိုင်လောက်အောင် ခိုင်မာမှုမရှိခဲ့ဘူး။ ပြောပြီးတာနဲ့ နောင်တရသွားမိတယ်။ Jake မရှိရင် သူမ ဘယ်လိုနေရမလဲဆိုတာ မတွေးဝံ့ခဲ့ဘူး။ သူ့အပေါ် စွဲလမ်းနေတဲ့ ဒီအချစ်ကပဲ သူမကို ဒီလိုမျိုး နာကျင်နေတဲ့ ဆက်ဆံရေးထဲမှာ ဆက်ပြီးနစ်မြုပ်နေစေတာ။

"တကယ်တော့... ငါ သူ့ကို အရမ်းချစ်တယ်"

Nova ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တွေ လည်လာခဲ့သည်။ သူမပြောတဲ့ စကားလုံးတိုင်းက ခါးသက်နာကျင်နေပေမယ့် Jake အပေါ်ထားတဲ့ အချစ်တွေက သူမကို ဘယ်တော့မှ လွတ်မြောက်ခွင့်မပေးနိုင်တော့တာကို သူမ သဘောပေါက်သည်။

နေရောင်ခြည်က ပြတင်းပေါက်ကနေ ဖြာကျနေပေမယ့် Jake ကတော့ စောင်ပုံထဲမှာ ကွေးနေဆဲ။ ညက သူငယ်ချင်းတွေနဲ့ သောက်စားထားတဲ့အရှိန်ကြောင့် ခေါင်းကထိုးကိုက်နေပြီး မူးနောက်နောက် ဖြစ်​နေ၏။

နာရီသံလေး တဂျက်ဂျက်မြည်နေတာကို ကြားတော့မှ မျက်လုံးနှစ်လုံးကို အားယူဖွင့်ကြည့်လိုက်သည်။ နာရီကိုကြည့်လိုက်တဲ့အခါ နေ့လည် ၁ နာရီကျော်နေပြီဖြစ်တာကို တွေ့လိုက်ရသည်။

ခေါင်းထဲမှာ မူးနောက်နောက်နဲ့ ဘေးက ဖုန်းကို လှမ်းယူလိုက်ပြီး Notification တွေကို ကြည့်လိုက်တော့ Nova ဆီက မက်ဆေ့ချ်တွေ၊ ဖုန်း Call တွေ အများကြီးဝင်နေတာကို တွေ့လိုက်ရသည်။ သို့သော်လည်း Jake ရဲ့ စိတ်ထဲမှာ ဘာခံစားချက်မှ မဖြစ်ပေါ်လာခဲ့။ မျက်နှာတစ်ချက်တောင် မပျက်ခဲ့ပေ။ ဖုန်းကို ပြန်ချလိုက်ပြီး ရေချိုးခန်းထဲကို ဝင်သွားတော့သည်။

ရေချိုးပြီးတော့ ရေခဲသေတ္တာထဲက ရေတစ်ခွက်ကို အဝသောက်လိုက်သည်။ အခုမှပဲ မနေ့ညက အဖြစ်အပျက်တွေကို အကုန်ပြန်သတိရလာတော့တယ်။ သူငယ်ချင်းတွေနဲ့အတူ ကလပ်တစ်ခုမှာ ကဲခဲ့ကြတာ၊ သောက်ခဲ့ကြတာတွေ၊ ပြီးတော့ သူ့အနားကို ကပ်လာတဲ့ ကောင်မလေးတွေကို အမှတ်မရှိ စကားတွေပြောခဲ့တာတွေအထိ ပြန်ပြီးတွေးမိနေခဲ့တယ်။

Nova ကတော့ ဒီအကြောင်းတွေကို သိရင် ဘယ်လောက်တောင် စိတ်ဆိုးပြီး ငိုနေမလဲဆိုတာကိုလည်း တွေးမိတော့တယ်။ ဒါပေမဲ့ သူ့စိတ်ထဲကနေ "စိတ်မပူပါနဲ့... သူမအမြဲတမ်း ငါ့ကို ခွင့်လွှတ်ပေးနေကျပဲ" လို့ ပြောလိုက်သလို ခံစားလိုက်ရသည်။

Jake က ခပ်ပေါ့ပေါ့ပဲ ဘာကြောင့်မှန်းမသိပေမယ့် ဒီနေ့ကို ဘာမှ အစီအစဉ်မရှိဘဲ လွတ်လွတ်လပ်လပ် နေချင်စိတ်တွေ ဖြစ်ပေါ်နေခဲ့သည်။ Nova အတွက်ဆိုပြီး အချိန်ပေးဖို့ဆိုတာ သူ့ခေါင်းထဲမှာ မရှိခဲ့ဘူး။

အစားစားဖို့ အောက်ထပ် ဆင်းတော့မယ့်အချိန်မှာ ညကသူငယ်ချင်းတွေနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်လိုက်ပြီး ခပ်ပါးပါးလေး ပြုံးလိုက်သည်။ သူ့မျက်နှာပေါ်မှာ ပျော်ရွှင်နေတဲ့ အရိပ်အယောင်တွေကို မြင်နေရသည်။ သူ့အတွက်တော့ Nova မရှိရင်လည်း ပျော်စရာတွေက အမြဲရှိနေသလိုပင်။

ဖုန်းကို ပြန်ဖွင့်လိုက်ပြီး မက်ဆေ့ချ်တွေကို အပေါ်အောက် scroll လုပ်ကြည့်လိုက်သည်။ Nova ဆီက စာတွေကို ဖတ်မိပေမယ့် တစ်ခုမှ ပြန်မပို့ခဲ့ဘူး။ "နောက်မှပဲ ပြန်ပြောလိုက်တော့မယ်" လို့ တွေးပြီး ဖုန်းကို ပိတ်လိုက်တယ်။ သူ့အတွက်တော့ ဒါဟာ ထုံးစံအတိုင်းပဲ။ Nova ဘယ်လောက်ပဲ စိတ်ဆိုးပါစေ၊ အဆုံးမှာတော့ Nova က သူ့အပေါ် စိတ်ကောက်ပြီး ပြန်ပြီးတော့ တောင်းပန်လာမှာပဲဆိုတာကို သူသိနေခဲ့သည်။

ညနေပိုင်း Jake ကတော့ သူ့အခန်းထဲမှာ ဂိမ်းအသံတွေကြား ပျော်မွေ့နေသည်။ ဖုန်းထဲမှာ Nova ဆီက မက်ဆေ့ချ်တွေ၊ Call တွေ ရှိနေတာကို သိပေမယ့် စိတ်ထဲကနေ လျစ်လျူရှုထားလိုက်သည်။ အခုလက်ရှိအချိန်မှာ သူ့အတွက် ဂိမ်းထဲက အနိုင်ရဖို့က အရေးကြီးဆုံးပဲ ဖြစ်နေသည်။

သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ ဆော့ရင်း အော်ဟစ်ရယ်မောနေသည်။ ဂိမ်းကစားနေတဲ့အချိန်တိုင်းမှာ သူ ဘယ်လောက်တောင် လွတ်လပ်ပြီး စိတ်သက်သာရာရလဲဆိုတာကို ခံစားနေရသည်။ ဂိမ်းထဲက ကမ္ဘာက သူ့အတွက် အရာအားလုံးကို မေ့ပျောက်စေနိုင်တဲ့ အရာတစ်ခုလို ဖြစ်နေခဲ့သည်။

Game တစ်ပွဲပြီးသွားတော့ Mouse ချပြီး အနားယူလိုက်သည်။ ဒီအချိန်မှာ Nova က သူ့ဆီကို ထပ်ခေါ်လာပြန်သည်။

Jake စိတ်မရှည်တဲ့လေသံနဲ့ ဖုန်းကို မကိုင်လိုက်ဘဲ ပိတ်ပစ်လိုက်သည်။ သူ့စိတ်ထဲမှာတော့ Nova က သူ့ကို ဘယ်လောက်တောင် စိတ်အနှောင့်အယှက်ဖြစ်စေသလဲဆိုတာကိုပဲ တွေးနေမိသည်။ တစ်ဖက်က Nova တစ်ယောက် သူ့ကို စိတ်ပူနေတာ၊ စိုးရိမ်နေတာတွေကို သူ ဘယ်လိုမှ နားမလည်ပေးနိုင်ခဲ့ဘူး။ သူ့အတွက် ဒါတွေဟာ သူ့လွတ်လပ်မှုကို ကန့်သတ်နေတဲ့ အတားအဆီးတွေလိုပဲ ခံစားနေရတယ်။

ဂိမ်းကို ဆက်ကစားဖို့ ပြင်ဆင်လိုက်ကာ သူ့အတွက်တော့ အခုချိန်မှာ ဘယ်အရာကမှ ဂိမ်းလောက် အရေးမကြီးတော့ပါ။ Nova က စိတ်ဆိုးပြီး ငိုနေပါစေ၊ သူမကို စိတ်ပျက်အောင်လုပ်နေတာတွေကို သူ အရေးမစိုက်ပါ။

ဘာလို့လဲဆိုတော့ သူသိတယ်... အချိန်တန်ရင် Nova က သူ့ဆီကို ပြန်ရောက်လာမှာပဲ။ အမြဲတမ်းလိုလို သူ့ရဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အချစ်ထဲမှာ Nova ကပဲ လာပြီး တောင်းပန်နေမှာပဲဆိုတာကို သူသေချာသိနေလို့ပဲ ဖြစ်သည်။

ညဉ့်နက်ပိုင်းရောက်မှ Jake တစ်ယောက် ဂိမ်းဆော့တာပြီးဆုံးသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းနယ်နေပေမယ့် စိတ်ထဲမှာတော့ အောင်ပွဲခံနေရသလို ခံစားနေရ၏။ ဂိမ်းကစားပြီးလို့ ဖုန်းကို ပြန်ဖွင့်လိုက်တဲ့အခါ Nova ဆီက မက်ဆေ့ချ်တွေကို အစီအရီတွေ့လိုက်ရသည်။ အစပိုင်းမှာတော့ မွေးနေ့အတွက် ပြောတာတွေ၊ ကိတ်မုန့်ပုံလေးတွေပို့တာတွေကို တွေ့လိုက်ရသည်။

ဒီနေ့က Nova ရဲ့ မွေးနေ့ဆိုတာကို Jake ရုတ်တရက် သတိရလိုက်တော့သည်။ မနေ့ညက Night Out ထွက်ဖို့ပဲ စိတ်ဝင်စားနေခဲ့တာကြောင့် အရေးကြီးတဲ့ ဒီနေ့ကို လုံးဝမေ့နေခဲ့တာ။ သူ့ရင်ထဲမှာ အနည်းငယ်တော့ မကောင်းဘူးလို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ ခဏပဲ... ဒီခံစားချက်က ခဏလေးနဲ့ ပျောက်ကွယ်သွားခဲ့တယ်။

မက်ဆေ့ချ်တွေကို အောက်ကို ဆက်ဖတ်လိုက်တဲ့အခါမှာတော့ သူ့ရင်ထဲမှာ မကောင်းတဲ့ခံစားချက်တွေက ပိုပြီး ကြီးထွားလာခဲ့တယ်။ နောက်ပိုင်းမက်ဆေ့ချ်တွေက "ဘယ်တွေရောက်နေလဲ"၊ "ဖုန်းကိုင်ပါဦး"၊ "ငါ စိတ်ပူနေပြီ" ဆိုတဲ့ စာတွေနဲ့ ပြည့်နေခဲ့တယ်။ ဖုန်း Call တွေလည်း အကြိမ်ပေါင်းများစွာ ခေါ်ထားခဲ့တာကိုလည်း တွေ့လိုက်ရတယ်။ဒီစာတွေကို ဖတ်ရင်း Jake တစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့တယ်။

သူ့မှာ သူငယ်ချင်းတွေနဲ့ သူ့ရဲ့ ကိုယ်ပိုင်အချိန်ဆိုတာ ရှိတာကို Nova က နားမလည်ပေးဘူးလို့ ခံစားမိသည်။ သူ အခုလို အကြောင်းမကြားဘဲ ပျောက်သွားတိုင်း Nova စိုးရိမ်ပူပန်နေရတယ်ဆိုတာကို သူ သိပေမယ့် အဲဒါကို သူဂရုမစိုက်ခဲ့ပါ။ Nova ကို စိုးရိမ်စိတ်နဲ့ ပိုပြီးနာကျင်အောင် လုပ်ရတာက သူ့အတွက်တော့ ပျော်စရာတစ်ခုလိုတောင် ဖြစ်နေသလိုပင်။

ဒီတစ်ခါတော့ Nova ကို သိပ်စိတ်မဆိုးအောင်လို့ မက်ဆေ့ချ်တစ်ခု ပို့လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

"Sorry. ငါ ဂိမ်းဆော့နေတာနဲ့ မင်းရဲ့ဖုန်းတွေကို မမြင်လိုက်ဘူး" ဆိုတဲ့ စာတိုလေးတစ်စောင်ကို ပို့လိုက်တယ်။ ဒီစကားလုံးတွေက တကယ်တမ်းဆိုရင် နောင်တရတာမဟုတ်ဘဲ အခြေအနေကို လွယ်လွယ်ကူကူ ဖြေရှင်းလိုက်တာပဲဆိုတာကို သူကိုယ်တိုင် သိနေခဲ့သည်။ Nova က သူ့ရဲ့ ဒီအဖြေကို လက်ခံပြီး ခွင့်လွှတ်ပေးလိမ့်မယ်လို့လည်း သူသိနေခဲ့၏။

မက်ဆေ့ချ်ကို ပို့လိုက်ပြီးနောက်မှာ Jake တစ်ယောက် ဖုန်းကို ဘေးချထားလိုက်ပြီး ပြုံးနေမိသည်။ သူ့ဘဝရဲ့ အချစ်ရေးက ဂိမ်းတစ်ခုလိုပဲ သူ့လက်ထဲမှာ အမြဲတမ်း ရှိနေမှာဖြစ်ပြီး၊ ဘယ်လိုပဲ စိတ်ဆိုးနေပါစေ Nova က သူ့ကို လာရောက်ခစားဦးမှာပင်။

Jake မက်ဆေ့ချ်ပို့ပြီး သိပ်မကြာခင်မှာပဲ ဖုန်းသံမြည်လာသည်။ မျက်နှာပြင်မှာပေါ်နေတဲ့ Nova ရဲ့ နာမည်ကိုကြည့်ရင်း Jake မျက်နှာမှာ လှောင်ပြုံးတစ်ချက် ပေါ်လာတယ်။ "ငါ ထင်သားပဲ" လို့ ရေရွတ်လိုက်ရင်း ဖုန်းကို ကိုင်လိုက်၏။

"ဟဲလို Jake..."

အသံလေးက နူးညံ့နေပြီး၊ စိတ်ဆိုးဒေါသထွက်နေတဲ့ လေသံမျိုး လုံးဝမပါဝင်ခဲ့ပေ။ Jake စိတ်ထဲမှာတော့ ဒီအသံဟာ ထုံးစံအတိုင်းပဲလို့ တတွေးတွေး တွေးနေခဲ့သည်။

"အင်း... Sorry နော် Nova ငါ ဂိမ်းဆော့နေတာနဲ့ မင်းဖုန်းတွေကို မမြင်လိုက်ဘူး"

Jake က ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်သည်။ ဒီလိုစကားမျိုးတွေကို သူဘယ်နှစ်ကြိမ်တောင် ပြောခဲ့ဖူးလဲဆိုတာ ရေတွက်လို့တောင် မရနိုင်တော့ပါ။ ဒါပေမဲ့ Nova ကတော့ အမြဲတမ်းလက်ခံပေးနေကျ။

"ရပါတယ် Jake ရယ် စိတ်ပူနေလို့ပါ... ဖုန်းကိုင်လိုက်တော့မှ စိတ်အေးသွားတယ်"

Nova ရဲ့ စကားအဆုံးမှာ Jake ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ သူမရဲ့ အပြစ်တင်စကားမပြောတတ်တဲ့ အကျင့်ကို သူက အခွင့်ကောင်းယူနေခဲ့တာ။ "သူမကို ဘယ်လိုမျိုးပဲ ဒုက္ခပေးပေး အဆုံးမှာ ငါပဲနိုင်မှာပဲ" လို့ သူတွေးနေမိတယ်။

"ဒီနေ့ မင်းမွေးနေ့ကို ငါမေ့သွားလို့ Sorry နော် နောက်ကျနေပြီဆိုပေမယ့် ငါမင်းအတွက် လက်ဆောင်ဝယ်ပေးမယ်"

Jake က စကားကို အသာအယာပြောင်းပြောလိုက်သည်။ အခုမှပဲ မွေးနေ့အကြောင်းကို ပြန်ပြောမိတော့တယ်။ ဒါပေမဲ့ Nova ရဲ့ဘက်က ဒီစကားကို ကြားတဲ့အခါမှာတော့ သူမပျော်ရွှင်သွားခဲ့တယ်။

"ရပါတယ် အတူရှိနေပေးရင်ရပါပြီ အတူတူတွေ့ရအောင်နော်"

"အင်း... တွေ့တာပေါ့"

Jake က အေးစက်စက်နဲ့ ပြန်ဖြေလိုက်သည်။ ဖုန်းချပြီးတဲ့အခါမှာတော့ Jake ရဲ့ စိတ်ထဲမှာ ဘာခံစားချက်မှ မရှိခဲ့။ အချိန်တန်ရင် သူ့ဆီကို ပြန်ရောက်လာမယ့် ချစ်သူတစ်ယောက်ရှိတယ်ဆိုတဲ့ အသိက သူ့ကို ပျော်ရွှင်စေတာလား၊ ဒါမှမဟုတ် သူမကို လွယ်လွယ်ကူကူ ရနေတဲ့အတွက် စိတ်မဝင်စားတာလားဆိုတာကို သူကိုယ်တိုင်လည်း မသိပါ။

Tbc >>>

Total Words - #2486

There are no comments yet. Log in to be the first to leave a review!

Similar stories