9
02:46, 6 December 2025ကျန်းဟန် ဖေ့အန်းကို အတန်းရှေ့ ပြန်ပို့ပြီးသည်နှင့် ပြန်လှည့်ထွက်လာခဲ့သည်။ ဖေ့အန်းကတော့ ရှင်းပြချင်နေတာ သူသိပေမဲ့ မကြားသလို ထွက်လာ၏။
ကျန်းဟန်က ဒေါသကြီးသည့်လူမျိုးထဲတွင်ပါဝင်သည်။ အခုက ဖေ့အန်းဖြစ်နေလို့သာ သူအများကြီး လျော့ပေးထားခြင်းဖြစ်သည်။
အခု သူစိတ်ကို ပြန်ငြိမ်အောင် ထားဖို့လိုနေတာကို သူသိသည်။ ထို့ကြောင့် ကျောင်းတက်နေပြီ ဖြစ်သော်လည်း အတန်းထဲ ပြန်မဝင်ဘဲ ကျောင်း ပန်းခြံထဲရှိ ခုံတန်းရှည်ပေါ်မှာသာ ဆက်၍ ထိုင်နေသည်။
စိတ်အေးသွားချိန်မှာ သေချာပြန်စဉ်းစားကြည့်တော့ သူ အစ်ကို့ကို ဒီလိုမျိုး ကျောင်းသားတွေရှေ့ အများရှေ့မှာ မအော်သင့်ဘူး။ အတန်းထဲကနေ ဝုန်းဒိုင်းကြဲကာ ဆွဲထုတ်လာသည်ကလည်း သူမှားသည်။ နောက်ပြီး သူ အစ်ကိုရှင်းပြတာကို ဂရုမစိုက်ဘဲ ထွက်လာသည်။
ကျန်းဟန်က ဖေ့အန်းတစ်ခုခုဖြစ်သွားမှာကို အလွန်စိုးရိမ်မိပါသည်။ အစ်ကို့ကို သူမကာကွယ်ပေးနိုင်မှာ ကြောက်မိသည်။
လွန်ခဲ့တဲ့ နှစ်နှစ်မှာ ကျန်းဟန် အစ်ကို့ကို စတွေ့ခဲ့သည်။ အကူအညီလိုအပ်နေတဲ့ အစ်ကိုပုံစံ၊ သူ့ရင်ခွင်ထဲမှာ ဝေဒနာကို ခံစားနေရတဲ့ အစ်ကိုရဲ့ မျက်နှာလေးကို သူတစ်ရက်မှ မမေ့ခဲ့ပါဘူး။ ခုနကလည်း ဖေ့အန်းကို သူ့အတန်းထဲမှာ တွေ့တော့ အဲ့တာကို ပြန်သတိရသွားကြောင့် ပိုဆိုးသွားခြင်းဖြစ်သည်။
အခုလို အစ်ကို့ကို ပိုင်ဆိုင်ရဖို့ သူလုပ်ခဲ့တာတွေကိုလည်း မနည်းဘူး။ အငယ်ဆုံးသားမလို့ တစ်အိမ်လုံးက သူ့ကို အချစ်ပိုသည်။ သူ အသက် ၁၈ ပြည့်ပြီး သိပ်မကြာခင်မှာ လက်ထပ်လိုက်ရလို့ မာမီက ချစ်လို့မဝသေးဘူးဆိုပြီး တားခဲ့သည်။ နောက်ကွယ်မှာ ကျန်းဟန် အစ်ကို့ကို ရဖို့ အများကြီး တော်လှန်ခဲ့ရ၏။
အစ်ကို့ကို ပိုင်ဆိုင်ရတော့လည်း သူ့အပြုအမူတွေက အစ်ကို စိတ်ရှုပ်စေမှာ စိုးမိတာကြောင့် အတက်နိုင်ဆုံး သတိထားသည်။ ညတိုင်း သူ့ဘေးမှာ အိပ်ပျော်နေသည့် အစ်ကိုကို ငေးကြည့်ရတာကလည်း ကျန်းဟန်ကို ပိုပြီး လိုချင်တပ်မက်စိတ်တွေ တိုးလာစေတာကြောင့် အများကြီးထိန်းချုပ်ထားရသည်။
ညတိုင်း သူပေးထားတဲ့ နှစ်သိမ့်ဖယ်ရိုမုန်းအနံ့တွေ အစ်ကို့ကိုယ်ပေါ်မှာ ကျန်နေခဲ့တာကိုလည်း သဘောကျသည်။
အခုလောက်ဆို သူ့လုပ်ရပ်ကြောင့် အစ်ကို ဝမ်းနည်းသွားမှာ ကြိမ်းသေသည်။ နေ့လယ်စာ စားချိန်တော့ အစ်ကို့ကို သွားတောင်းပန်ရန် ဆုံးဖြတ်လိုက်ပြီး ကျန်းဟန် အတန်းကို ပြန်လာခဲ့သည်။
•••••••••••••••
ဖေ့အန်း ကျန်းဟန့်ကို ဒေါသ ထွက်အောင် လုပ်မိလို့ စိတ်မကောင်းဖြစ်သလို သူ့ကိုယ်သူလည်း နောင်တရ၏။ ကျန်းဟန်က သူ့ကိုပါစောင့်ရှောက်ပေးနေရတာဖြစ်ပြီး သူက ကျန်းဟန်ရဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ ခံစားလာရသည်။
ကျန်းဟန်နှင့် လက်ထပ်ပြီး နောက်ပိုင်းတွင် သူ့ဘဝက ပိုပြီး အဆင်ပြေလာ၏။ ကျန်းဟန်ဆီက ညတိုင်း ရတဲ့ နှစ်သိမ့်ဖယ်ရိုမုန်းတွေက ဖေ့အန်းကို စိတ်သက်သာရစေသလို သူ့ရဲ့ ဖယ်ရိုမုန်းမတည်ငြိမ်တဲ့ ရောဂါကလည်း အရှင်းမပျောက်သွားတာတောင် သက်သာနေသည်။
အရင်လို ဖယ်ရိုမုန်းတွေ စိမ့်ထွက်လာတာမျိုးလည်း မဖြစ်တော့တာ သူ ကျန်းဟန်နဲ့ အတူတူနေပြီးတည်းက ဖြစ်သည်။
ဘယ်လောက်ပဲ ဖေ့အန်းက ကျန်းဟန်ထက် အကြီးပဲ ပြောပြော အိမ်ထောင်ဦးစီးက ကျန်းဟန်သာ ဖြစ်သည်။ ကျန်းဟန်၏ ဝန်ထုပ်ဝန်ပိုးတော့ ဖေ့အန်းမဖြစ်ချင်ပါ။
ဒါပေမဲ့လည်း ဘယ်လောက်ပဲ စိတ်တိုပါစေဦး ကျန်းဟန်က ဖေ့အန်း ရှင်းပြတာကို နားထောင်ပေးသင့်တယ် မဟုတ်ဘူးလား။
💬/အစ်ကို//နေ့လယ် ထမင်းစားချိန်ရောက်ရင်ကျွန်တော် အစ်ကို့အတန်းရှေ့က စောင့်နေမယ်ဆို အစ်ကိုအဆင်ပြေမလား/
ဖုန်းနဲ့ ပတ်သက်ပြီးတော့ ကျောင်းက အရမ်းကြီး တင်းကြပ်ထားတာမျိုး မရှိသည်မို့ ကျန်းဟန်ဆီက စာဝင်လာသည့် သတိပေးချက်ကို တွေ့တော့ ဖေ့အန်း ဖွင့်ဖတ်လိုက်သည်။ ဖေ့အန်း စာတော့ မပြန်လိုက်ပါ။ ဆရာမရှိနေသည််မလို့ ဖုန်းကိုင်နေတာက မလေးစားရာ ကျသည်။ စည်းကမ်းတွေက မတင်းကြပ်သော်ငြား စာသင်နေချိန်ဖုန်းကိုင်တာမျိုးတော့ ခွင့်မပြု။
နေ့လယ်စာ စားချိန်မှာ ကျန်းဟန်က သူပြောထားသည့်အတိုင်း ဖေ့အန်းတို့ အခန်းရှေ့ ခပ်လှမ်းလှမ်းတွင် စောင့်နေခဲ့သည်။
"အစ်ကို ကန်တင်းကို ကျွန်တော်နဲ့ အတူတူသွားမယ်ဆိုအစ်ကို အဆင်ပြေလား"
"ပြေပါတယ် မပြေစရာ မရှိပါဘူး"
" အဲ့တာဆို ကျွန်တော်တို့စားရင်းမှ စကားအေးဆေးပြောကြတာပေါ့"
ကန်တင်းရောက်တော့လည်း စားလို့တောင်ပြီးတော့မယ် ကျန်းဟန်က ဘာမှမပြောပဲ စားလက်စကိုသာ စားနေသည်။
"ကျန်းဟန်...ပြောမယ်ဆိုတာက..."
"အစ်ကို ပြီးအောင် အရင်စားလိုက်ပါဦး"
"မဟုတ်ဘူး.. မနက်က ကိုယ် မင်းပြောထားတဲ့စကားကိုအလေးမထားသလို ဖြစ်သွားတယ် ကျန်းဟန်ပြောတာတွေ အကုန် မှန်ပါတယ်ကိုယ်အမှားလုပ်မိသွားတယ်"
"မဟုတ်.. ကျွန်တော်ပြောချင်တာက...အဲ့လိုတွေ မဟုတ်ပါဘူးကျွန်တော် အပြုအမူတွေ တုံ့ပြန်တာတွေ လွန်သွားတာသိပါတယ်ကျွန်တော် တောင်းပန်ပါတယ်... အခု ပြောချင်တာကလဲကျွန်တော်က ... အစ်ကို့ကို သေချာလေး တောင်းပန်ချင်တာပါ"
ကျန်းဟန်က မနက်ကနှင့် မတူစွာ အရမ်းကို နူးနူးညံ့ညံ့နှင့် ဖေ့အန်းကို တောင်းပန်စကားတွေ ပြောနေသည်။
ဒီကိစ္စမှာ ကျန်းဟန်ချည်းပဲ မှားနေတာတော့ မဟုတ်ပါဘူး။ ကျန်းဟန်စိတ်ပူတာကလည်း ဖြစ်သင့်သည်။ စေတနာ အမှားသာ ဖြစ်သည်။
"ကျန်းဟန်ပဲ မှားတာမဟုတ်ပါဘူး ကိုယ်လဲ မှားပါတယ်"
"ကျွန်တော်က..အစ်ကို့ကို အဆင်မပြေအောင်လုပ်မိရင် တကယ့်ကို.."
ဖေ့အန်း ကျန်းဟန်ဆီက နောက်ထပ် တောင်းပန်စကားတွေ မကြားချင်တော့သည်မို့ သူအဆင်ပြေကြောင်း ပြန်ရှင်းပြရ၏။
"ဟင့်အင်း...မလုပ်မိပါဘူး..ကိုယ့်စိတ်ထဲလည်း အခု အဆင်မပြေတာ မရှိတော့တာမလို့ ဒီကိစ္စ ဒီမှာပဲ ထားလိုက်ချင်တယ်"
"ဟုတ်... အစ်ကိုတကယ်အဆင်ပြေရင်ပေါ့"
"အဲ့တာဆို ကိုယ်တို့ ပြန်ကြတာပေါ့"
ကန်တင်းဘေးနားတွင် အခြား convenience store များလည်းရှိသည်။ ကန်တင်းက ဟင်းကိုမကြိုက်လျှင် convenience မှာ ခေါက်ဆွဲပြုတ်တို့လို တခြား စားစရာများလည်း စားလို့ရ၏။
"အစ်ကို ဝင်ဦးမလား တစ်ခုခုစားချင်တာရှိလား"
"ရေခဲမုန့်တော့ စားချင်သား"
"အဲ့တာဆို ဝင်မယ်လေ"
နေ့လယ် ကျောင်းဆင်းချိန်ဖြစ်တာကြောင့် အထဲတွင်တော့ တခြား ကျောင်းသားများလည်း ရှိနေသည့်အတွက် လူတော့ ရှုပ်နေကြသည်။ ဘယ်သူမှလည်း သူတို့ကို အထူးတလှယ်ဂရုမစိုက်နိုင်အား။
"ကျန်းဟန်က ဘာဝယ်မလို့လဲ"
"မသိသေးဘူး အစ်ကိုပတ်ကြည့်ကြတာပေါ့"
ဆိုင်ကို ပတ်ကြည့်နေရင်း ဖယ်ရိုမုန်းထိန်းချုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းမျာရောင်းချထားသည့် စင်ကိုတွေ့မှ ကျန်းဟန် သူမေ့နေတာတွေ သတိပြန်ရသည်။
သူ့ Rut ကာလ က ဒီလအတွင်းမှာ ဖြစ်သည်။ အရွယ်ရောက်လာသည်နှင့် အမျှ Rut ကာလက ပိုမိုကြာလာသလို လိင်စိတ်ကြွနှုန်းကလည်း ပိုဆိုးလာသည်။ ဒါက အယ်ဖာတွေရော အိုမီဂါတွေရော အတူတူပဲ ဖြစ်သည်။
ငယ်တုန်းအချိန်တွင် Rut ကာလက အများဆုံး တစ်ရက် နှစ်ရက်မျှသာ ဖြစ်သည်။ အခုဆို ကျန်းဟန်က အရွယ်ရောက်ပြီးသား အယ်ဖာတစ်ယောက် ဖြစ်နေပြီမလို့ သူ့ Rut ကာလက ငယ်တုန်းကထက်တော့ ကြာချိန် ပိုများလာသည်။
ယခင်က Rut ကာလတိုင်းကို ကျန်းဟန် တစ်ယောက်တည်း ဖြတ်သန်းခဲ့သည်။ အခုကတော့ အရင်လို မဟုတ်တော့ဘူး။ သူ့မှာ အိုမီဂါ ရှိနေပြီဖြစ်သည်။
ကျန်းဟန်ရဲ့ Rut ကာလကို ဖေ့အန်းက အတူတူဖြတ်သန်းပေးနိုင်ပါ့မလား။ ဒါက ဖေ့အန်းအတွက် အဆင်ပြေပါ့မလားဆိုတာတော့ ကျန်းဟန် စိတ်ပူမိသည်။ တကယ်လို့ အစ်ကိုသာ အဆင်မပြေခဲ့ရင် သူကိုယ်တိုင်ကရော Rut ကာလအတွင်းမှာ ထိန်းချုပ်နိုင်ပါ့မလား။
"ဖယ်ရိုမုန်း ထိန်းချုပ်နိုင်တဲ့ ကပ်ခွါ?....ကျန်းဟန် ဝယ်မလို့လား မဆောင်ထားဘူးလား"
"မဝယ်ပါဘူး အစ်ကို့ရဲ့..ရှိတယ် ဘောင်းဘီအိတ်ထဲမှာ"
ကျန်းဟန်က သူ့ဘောင်းဘီအိတ်ထဲမှာ ဆောင်ထားတာလေးကို ထုတ်ပြသည်။
ဖေ့အန်းက ကျန်းဟန်ကို အစ်ကိုကြီးတစ်ယောက်ပုံစံဖြင့် ဆုံးမသလို ပြောလာ၏။
"အမြဲဆောင်ထားနော် အရေးကြီးတယ်"
"ကျွန်တော့် Rut က မနက်ဖြန်လောက်ဆိုတော့လဲ ဆောင်ထားရတာပေါ့"
"ဟမ်.. တကယ်လား"
ဖေ့အန်းက တကယ်ကို လန့်သွားသည့် ပုံစံဖြင့် အံ့အားသင့်ကာ ကျန်းဟန်ကို မေးလာသည်။ သူတကယ်ကို မထင်ထားတာ ဖြစ်သည်။
"မဟုတ်ပါဘူး.. စတာပါ အစ်ကိုရဲ့မနက်ဖြန်တော့ မဟုတ်ပါဘူး"
"ကျန်းဟန်ကလည်း ... ကိုယ်တကယ်လန့်သွားတာကို"
" ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ"
"ဘာမှမဟုတ်တော့ပါဘူး နောက်မှပြောတော့မယ်အစ်ကိုရေခဲမုန့်စားမှာဆို"
"ဟုတ်တယ် ကျန်းဟန်ရော"
"ကျွန်တော်လည်း အစ်ကိုစားတာပဲ လိုက်စားတော့မယ်"
ကျန်းဟန်က ရေခဲမုန့်ကို ဖေ့အန်းစားသည့် အရသာတိုင်း လိုက်စားပေးသည်။ ဖေ့အန်းကလည်း ကျန်းဟန်က နို့အနံ့ မကြိုက်တာ သိသည်မို့ အသီးအရသာထဲက ရွေးစားသည်။
••••••••••••••••••
ကျောင်းဆင်းတော့လည်း ကျန်းဟန်က ပုံမှန်လိုပဲ အဆောင်ရှေ့မှာ စောင့်နေသည်။ ဒါက သူတို့ရဲ့ နေ့စဉ် ပုံမှန် လည်ပတ်နေသည့် ကိစ္စများဖြစ်သည်။
"အစ်ကို...အိတ်"
ဖေ့အန်းက သူ့ရဲ့ လက်ဆွဲအိတ်လေး ကျန်းဟန်ဆီ လှမ်းပေးသည်။ ဒါကလည်း ကျန်းဟန်၏ နေ့စဉ် တာဝန်ပင်။
"ရော့"
"အရှေ့ပေါက်က သွားရအောင်"
"ဘာလို့လဲ ဦးလေး စောင့်နေမှာကို..."
"မနေ့ကပဲ Bus နဲ့ ကျောင်းသွား ကျောင်းပြန် လုပ်ချင်တယ် ပြောတာ ဘယ်သူပါလိမ့်"
"အခုလား...တကယ်?"
"မသွားဘူးလား အဲ့တာဆို ကျွန်တော် ဦးလေးကို ပြန်ခေါ်ရတော့မှာပဲ"
"ဟင်းအင်း...သွားမယ်... သွားချင်တယ်လို့ဆို ကျန်းဟန်ကလည်း"
"သွားမယ်နော်"
"ကိုယ်က ဒီအတိုင်းပြောလိုက်ပေမဲ့ ကျန်းဟန်က လိုက်လုပ်ပေးမယ် မထင်လို့"
"အစ်ကိုလုပ်ကြည့်ချင်တာတွေ တစ်ခုချင်း လိုက်လုပ်ကြတာပေါ့"
"ကျန်းဟန်က တကယ်ကို ကောင်းတာပဲ"
Bus ကား မှတ်တိုင်ရောက်တော့ ကျောင်းသားများနှင့် ပြည့်နေသည်။ ကျောင်းဆင်းချိန်မလို့ တကယ်ကို အများကြီးပါလား။
"တစ်မှတ်တိုင်လောက် လမ်းလျှောက်သွားမလားလမ်းမှာ စားချင်တာရှိရင်လည်း ဝယ်စားလို့ ရတာပေါ့ အစ်ကို"
"အဲ့တာလည်း ကောင်းတယ်...ကိုယ်က ကျန်းဟန်သဘော"
ကျန်းဟန်က အမြဲ သူ့သဘောလုပ်သလို ဒီတစ်ခါတော့ ဖေ့အန်းက ကျန်းဟန်သဘော လုပ်လိုက်၏။
"လွယ်အိတ်ကြီး လွယ်ထားရတာ မလေးဘူးလားကျွန်တော့်ကို ပေးမလား"
"လွယ်အိတ်လွယ်ထားမှ ကျောင်းဆင်းချိန်လို့ ခံစားရမှာပေါ့"
"အဲ့တာဆို အစ်ကိုက အရှေ့ကလျှောက်ကျွန်တော် အနောက်ကနေ မပေးထားမယ်"
ကျန်းဟန် လက်တစ်ဖက်က ဖေ့အန်းရဲ့ လက်ဆွဲအိတ်လေးကိုဆွဲထားပြီး ကျန်လက်တစ်ဖက်က ဖေ့အန်းလွယ်အိတ်အပေါ်က ကိုင်းနေရာလေးကို မြှောက်ကိုင်ကာ ဆွဲထားပေးသည်။
လွယ်အိတ်ကို ကျန်းဟန်က အပေါ်ကနေ ကိုင်ထားသည်မလို့ ဖေ့အန်းက လွယ်သာလွယ်ထားရတာရှိသည် လေးမနေတော့။ အလေးချိန်က ကျန်းဟန်လက်ထဲတွင်သာ။
"အစ်ကို..လေးနေသေးလား"
"ဟင့်အင်း.. မလေးတော့ဘူးဒီလောက်ဆို အိမ်အထိ လမ်းလျှောက်ပြီးတောင် ပြန်လို့ရတယ်"
"အဲ့တာဆို လျှောက်မလားဗျ"
"စတာကို ကျန်းဟန်ကလည်း"
သူတို့ တစ်မှတ်တိုင်ပဲ လမ်းလျှောက်မယ်ပြောပေမဲ့ အခုဆို လျှောက်လာလိုက်တာ နှစ်မှတ်တိုင်တောင် ကျော်သွားပြီ ဖြစ်သည်။ ညနေပိုင်းအချိန်မလို့ လမ်းတစ်လျှောက် street food ဆိုင်များလည်း ခင်းနေကြပြီဖြစ်သည်။
"ဟိုမှာ မာလာအကင်ဆိုင်ရှိတယ် "
"အစ်ကိုစားချင်လား"
"ကျန်းဟန်ကရော"
"အစ်ကိုစားရင် စားမယ်"
"အဲ့တာဆို စားမယ်"
ဆိုင်မှာ ထိုင်စားစရာ နေရာမရှိသည်ကြောင့် အကင်ဝယ်ပြီး လမ်းဘေးက ခုံတန်းလေးမှာသာ လွယ်အိတ်တွေကို ချပြီး အတူတူထိုင်စားနေကြသည်။
"ကျောင်းသားဘဝဆိုတာ အခုအရွယ်မှာပဲရတာရတုန်း တန်ဖိုးထားပြီး ပျော်ထားရမယ်"
ကျောင်းနားဖူးထားသည့်လူမလို့ ဖေ့အန်းက ကျောင်းနှင့် အဝေးမှာ နေရသည့် ခံစားချက်ကို နားလည်သည်။
"အခု ကျောင်းပြန်တက်နေရပြီပဲလေ အစ်ကိုရဲ့"
"ဒါပေမဲ့လည်းလေ ကမ္ဘာကြီးမှာ အကြောင်းတစ်ခုခုကြောင့် ကျောင်းခန်းထဲ ပြန်မဝင်နိုင်တော့တဲ့ ကျောင်းသားတွေ ဘယ်လောက်တောင်ရှိမလဲနော်ဒီလိုပါပဲ တွေးမိတာပါ"
"အခြေအနေတွေက မတူကြတာကို အစ်ကိုရဲ့စားပြီးရင် သွားရအောင်နော်...ကားကိုရှေ့မှတ်တိုင်ကနေ စီးကြတာပေါ့"
Bus ကားထဲရောက်တော့ နေရာမရသည့်အပြင် လူက ကြပ်နေသေးသည်။
လက်တွေ့ဘဝ၏ ကျောင်းသွား ကျောင်းပြန် ကားတိုးစီးရခြင်းက ဒရမ်မာထဲကလိုတော့ မဟုတ်ပေ။
"အစ်ကို ရရဲ့လား"
"ရတယ် ရတယ်"
အနောက်က လူတွေကပါ ထပ်တိုးလာသည်မလို့ လူကြားထဲညပ်နေတာ ဖေ့အန်း ကိုင်စရာကွင်းတွေကိုလည်း လှမ်းမမီ။
ကျန်းဟန်က လက်ကိုင်ကွင်းတွေ ချိတ်တဲ့ သံတိုင်နေရာကို ကျော်ကိုင်ထားကာ ဖေ့အန်းကတော့ ကျန်းဟန်ရင်ခွင်ထဲ ရောက်နေ၏။
"အစ်ကို ကျွန်တော် လက်မောင်းကို ကိုင်ထားလိုက်"
"အင်း"
"နောက်မှတ်တိုင်မှာ ဆင်းပြီး Taxi နဲ့ သွားချင်လား"
"ဟင့်အင်း..ရတယ် ကျန်းဟန်...ဟီး"
စီးနေရင်းနှင့် ခဏလောက်ကြာတော့ ဖေ့အန်း နေသားကျသွားပြီဖြစ်သည်။ သူလုပ်ချင်နေခဲ့တဲ့ အရာမလို့ ပျော်ပါတယ်။
ဖေ့အန်းနှင့် ကျန်းဟန် နှစ်ယောက် ကွန်ဒိုအနီးဆုံးမှာရှိသည့် မှတ်တိုင်မှာ ဆင်းခဲ့ကြ၏။ ကားပေါ်တစ်လျှောက်လုံးမှာ ကျန်းဟန်က ဖေ့အန်းအတွက် လူသား ကားလက်ကိုင်တန်းကြီး ဖြစ်ပေးခဲ့သည်။
"ပျော်ရဲ့လား အစ်ကို"
"အင်း... ကျန်းဟန် ကျေးဇူးနဲ့"
••••••••••••••
လုပ်စရာ စာတွေ Assignment တွေ ပုံနေချိန်ဆိုစာကလွဲရင် အကုန်လုပ်ချင်နေတာမလို့ Update တွေ မြန်နေမယ် ထင်တယ်။ ဟဲဟဲ
There are no comments yet. Log in to be the first to leave a review!





