Fanfics

ep38

15:38, 11 March 2024

ဆော့ဂျင် အစည်းအဝေးအခန်းထဲကထွက်တော့ ဖုန်းကိုအရင်စစ်ကြည့်သည်။ ထင်တဲ့အတိုင်း ဂျောင်ဂုဖုန်းတွေခေါ်ထားသည်။ ဒီနေ့က သူတို့ရှယ်ယာရှင်အစည်းအဝေးနေ့ဖြစ်သည်။ မနက်တည်းက ထိုအတွက် အလုပ်များနေပြီး အစည်းအဝေးအခန်းထဲတွင်လည်း သုံးနာရီနီးပါးကြာသွားခဲ့သည်။ သူနုတ်ထွက်မှာနဲ့ပတ်သက်ပြီးရော ဂျူအွန်းကိုစီအီးအိုအဖြစ် လက်မခံချင်ကြတာရောပေါင်းပြီး အများကြီးဖြေရှင်းခဲ့ရသည်။ သူနုတ်ထွက်ဖို့က အကြောင်းပြချက် လုံလုံလောက်လောက်မရှိသလို ဂျူအွန်းစီအီးအိုနေရာယူဖို့ကြတော့လည်း လုံလောက်တဲ့အရည်အချင်းတွေ မရှိသေး၍ စကားတွေအများကြီး ပြောခဲ့ရသည်။ နောက်ဆုံး ဂျူအွန်းနောက်ကွယ်တွင် သူအများကြီးသင်ပြပေးသွားမည့်အကြောင်းနှင့် ရှယ်ယာရှင်တချို့ရဲ့ထောက်ခံချက်တွေယူပြီးမှ အစည်းအဝေးက အဆုံးသတ်သွားခဲ့သည်။

ဆော့ဂျင် ဂျောင်ဂုကို ဖုန်းပြန်ခေါ်လိုက်သည်။ဂျောင်ဂုက သူ့ဖုန်းကို စောင့်နေသည်ထင် ချက်ချင်းကိုင်လာသည်။

" ‌ဦး အဆင်ပြေရဲ့လား ဘယ်လိုဖြစ်သွားလဲ "

" အဆင်ပြေပါတယ်ကွာ စိတ်ပူလို့လား "

" ပူတာပေါ့ ကျွန်တော်တခြားမှာ အာရုံစိုက်လို့တောင်မရဘူး ဦးဆီပဲ စိတ်ရောက်နေတာ "

ဂျောင်ဂုက အရမ်းမျှော်လင့်နေတာ ဒီဟာနဲ့ပတ်သက်ပြီး သူကသူ့ထက်တောင် စိတ်လှုပ်ရှားနေခဲ့သေးတယ်။ အစည်းအဝေးမတိုင်ခင် သူက အရာအားလုံးအဆင်ပြေဖို့ သူ့ဖွားဖွားနဲ့ တောင်ပေါ်က ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းလည်း သွားလိုက်သေးတယ်။ ချစ်မွှေးပါဆို။

" ကိုယ်အားလုံးအဆင်ပြေတယ် အလုပ်ကိုအာရုံစိုက်တော့ ဒီနေ့တော့ ကိုယ်တို့မတွေ့ဖြစ်တော့ဘူးနော် အိမ်တန်းပြန် .. ပြီးတော့ ဂျူအွန်းကိုလည်း ဖုန်းဆက်ပြီး ဂုဏ်ပြုပေးလိုက်အုံး သူလည်းစိတ်လှုပ်ရှားနေမှာ "

" သိပါပြီ.. အဲဒါဆို ဒီနေ့မတွေ့ရတော့ဘူးပေါ့ "

" အင်း... ကိုယ်မအားသေးဘူး ဒါဆိုဒါပဲနော် "

ဆော့ဂျင်အတွက်က အိမ်ပြန်သွားပြီးရင်လည်း လုပ်စရာတွေရှိနေသေးတယ်။ ဒေါ်ချယ်ရင်းနဲ့ စကားပြောရအုံးမယ်။ ပြီးတော့ အွန်းလေး...အင်း... သူအွန်းလေးကို အသိပေးရတော့မယ်။ ‌ရုံးဆင်းဖို့လိုသေးပေမဲ့ သူအိမ်ပြန်ခဲ့လိုက်သည်။အွန်းလေးကိုလည်း‌ စောစောသွားကြိုခဲ့ပြီး အိမ်သို့ပြန်ခဲ့လိုက်သည်။ အိမ်ရောက်တော့ အွန်းလေးကို အခန်းထဲတွင် ခဏနေစေလိုက်ပြီး သူဒေါ်ချယ်ရင်းနဲ့တွေ့ဖို့ ထွက်ခဲ့သည်။

" သမက်ကင်မ် စောတယ်ရော... ဒီနေ့ကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ "

" အားလုံးအဆင်ပြေပါတယ် "

" သားငယ်က လန့်နေရှာတာ သူ့ကို ဆက်ပြီးကူညီပေးပါအုံးနော် သားငယ်က ငယ်လည်းငယ်သေးတော့ ဝါရင့်လူကြီးတွေကြားမှာ အားငယ်နေမှာစိုးတယ် သမက်ကင်မ်ကိုလည်း ကျေးဇူးတင်ပါတယ် အားလုံးက သမက်ကင်မ်ကြောင့် အခြေတကျဖြစ်လာတာ.. "

" ဟူး.. ပြန်တွေးကြည့်တော့လည်း မနေ့တနေ့ကလိုပါပဲလား အချိန်ကုန်တွေက မြန်လိုက်တာ.. နိုအွန်းတို့အဖေ ရှင်ကြည့်နေတယ်မလား ရှင့်သား‌ရှင့်နေရာယူပြီးသွားပြီ ရှင်စိတ်ချပါတော့.. ရှင်ထွက်သွားတာစောတော့ ရှင့်သားငယ်လေး ရှင့်နေရာယူနေပြီဆိုတာ ဘယ်မြင်နိုင်တော့မလဲ အခုချိန် လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါး လူငယ်ဘဝကို ဖြတ်သန်းရအုံးမှာကို.. သူလည်းစိတ်တော့ဖိစီးနေရှာမှာ.. သမက်ကင်မ် သားငယ်ကို ပစ်မထားပါနဲ့အုံးနော် သင်ပြပေးပါအုံး "

" ဟုတ်ကဲ့ ကျွန်တော့်အကူအညီလိုရင် အချိန်မရွေးခေါ်ပါ။ ကျွန်တော်ရှင်းအတွက်လိုအပ်တိုင်း အကူအညီပေးနေအုံးမှာပါ ပြီးတော့ အဒေါ်ချယ်ရင်း.. "

" ပြောစရာတခုခုရှိလို့များလား.. "

" ဟုတ်ကဲ့ ဂျူအွန်းလည်း စီအီးအိုနေရာ ဆက်ခံပြီးသွားပြီဆိုတော့ ကျွန်တော့်ကို့ နုတ်ထွက်ခွင့်ပြုပါတော့ "

" ဘယ်လို ဘယ်လို "

" ကျွန်တော် နုတ်ထွက်ဖို့စီစဉ်ပြီးထားပြီ.. ပြီးတော့ နိုအွန်းနဲ့လည်း.. "

" ဘာသဘောလဲ သမက်ကင်မ် ဘာကိုဆိုလိုတာလဲ နုတ်ထွက်မယ်.. "

" ဟုတ်ကဲ့ .. ရှင်းကိုလည်း သူ့နေရာသူပြန်အပ်ပြီးသွားပြီမလို့ ကျွန်တော်ရှင်းက ထွက်သွားပါတော့မယ် ပြီးတော့ နိုအွန်းနဲ့လည်း.. "

" တခုခုဖြစ်လို့လားသမက်ကင်မ် နိုအွန်းနဲ့တခုခုဖြစ်လို့လား "

" ဘာမှမဖြစ်ပါဘူး.. နိုအွန်းနဲ့လည်း ဘာမှမဖြစ်ပါဘူး ဒါက ကျွန်တော့်ဆုံးဖြတ်ချက်၊ ကျွန်တော့်သဘောပါ "

" ဘာလို့ရုတ်တရက်ကြီး ဒီလိုဆုံးဖြတ်လိုက်ရတာလဲ ဘာလို့လဲ "

" ဘာလို့လဲဆိုတော့ သူ့မှာအသစ်တွေ့နေလို့လေ "

" နိုအွန်း.. "

နိုအွန်းက ယိုင်နှဲ့နှဲ့နှင့် သူတို့နားရောက်လာသည်။သောက်လာသည်ထင်သည်။ သူတို့နားတွင် ဝင်ထိုင်လာပြီး တခုခုကို အရွဲ့တိုက်နေသလို ခနဲ့တည့်တည့်ရယ်နေသည်။

" ဘာလို့စောစောစီးစီးမူးလာရတာလဲ မသောက်တော့တာကြာပြီကို.. "

" ဟက်.. ဒီနေ့မောင်လေးက စီအီးအိုဖြစ်သွားပြီမလို့လေ ပျော်လို့.. အမေသိလား ရှင်းက သူ့ပိုင်ရှင်လက်ထဲ ပြန်ရောက်သွားပြီ သမီးတို့ ပျော်ပွဲရွှင်ပွဲအကြီးကြီးကို လုပ်သင့်တယ် မဟုတ်ဘူးလား.. သမီးတို့သောက်သင့်တယ် "

" ဒီကောင်မလေးတော့.. သမက်ကင်မ် ခေါ်သွားလိုက်ပါတော့ အခန်းထဲကို "

" အမေ အမေ့သမက်က အသစ်တွေ့သွားလို့ ရှင်းကထွက်သွားတော့မှာ သမီးတို့လည်း ကွာရှင်းကြတော့မှာ သူက သူ့ကောင်အတွက် ရှင်းကထွက်ပြီးသွားတော့မှာအမေရဲ့.. "

" သမက်ကင်မ် "

နိုအွန်းရဲ့စကားကြောင့် ဒေါ်ချယ်ရင်းက သူ့ကိုကြည့်လာသည်။

" ဟုတ်ပါတယ် ကျွန်တော့်မှာ သက်ဆိုင်သူရှိနေပြီမလို့ ကျွန်တော်တို့ဒီလောက်နဲ့ပဲ ရေစက်ဖြတ်လိုက်တော့မလို့ပါ။ "

" သမက်ကင်မ် ဘယ်လိုဖြစ်ရတာလဲ ငါမင်းကိုမထင်ထားဘူး ဘယ်လိုလုပ်- ဘယ်လိုဖြစ်ကုန်တာလဲ ဘယ်သူလဲ ဘယ်သူနဲ့မေတ္တာမျှနေတာလဲ ဒီလေးနှစ်အတွင်းမှာလည်း မင်းဒီလောက်ငြိမ်နေခဲ့တာကို ဘယ်ကမကောင်းတဲ့ကောင်မလဲ ဇနီးနဲ့ကလေးရှိတာတောင် ဘယ်လောက်အရှက်မရှိ! ဘယ်သူလဲ သမက်ကင်မ် "

" ဟက် အမေရဲ့ မိန်းကလေးတောင်မဟုတ်ဘူး ကောင်လေး ယောကျာ်းလေး သူ့ထက်ဆယ်နှစ်လောက်ငယ်တဲ့ယောကျာ်း ဂျူအွန်းနဲ့မှရွယ်တူလေ ဟက် အမေသိရင် ဘုရားတသွားရလိမ့်မယ် ဟက် "

" သမက်ကင်မ် "

" ကျွန်တော်တို့အချင်းချင်း မေတ္တာမျှနေကြပြီမလို့ နှစ်ဦးနှစ်ဖက်စလုံး မထိခိုက်ရအောင် ဒီအပတ်အတွင်းပဲ ကွာရှင်းမလို့ပါ "

" သမက်ကင်မ် မင်းတကယ်ပြောနေတာလား "

" ... "

" အွန်းလေး.. ငါတို့အွန်းလေးကိုရော.. "

" အမေ! ကျွန်မသမီးက သူနဲ့ဘာမှမဆိုင်ဘူး အွန်းလေးက ကျွန်မနဲ့ပဲဆိုင်တယ် ကျွန်မသမီးကို ရှင်ဘာမှလုပ်ပိုင်ခွင့်မရှိဘူး "

" အွန်းလေးက ဒေါ်ချယ်ရင်းတို့ ဆန္ဒအတိုင်းပါပဲ ကျွန်တော့်ဘက်က ဘာမှတောင်းဆိုမှာမဟုတ်ပါဘူး "

" ဟက် "

" သမက်ကင်မ် ငါယုံတောင်မယုံနိုင်သေးဘူးအခုထိ မင်းဘယ်လိုများ... သေချာစဉ်းစားပါအုံး သမက်ကင်မ် မင်းခဏ စိတ်အပြောင်းလဲဖြစ်တာလည်း ဖြစ်နိုင်တာပဲ "

" ကျွန်တော်တောင်းပန်ပါတယ် "

" ငါစိတ်ပျက်မိတယ်သမက်ကင်မ် မင်းကိုအမြဲ ရှင်းမိသားစုရဲ့သမက် အွန်းလေးအဖေဆိုပြီးပဲ တွေးခဲ့တာ အခုလို မင်းပြောင်းလဲသွားတယ်ဆိုတာ ယုံတောင်မယုံနိုင်သေးဘူး ငါတို့အွန်းလေးကို ဘယ်လိုလုပ်မလဲ ငါ့မြေးလေးသနားစရာ ငါ့မြေးက မင်းကို အဖေလို့ပဲထင်နေရှာတာ သူက အားလုံးထက်ကို မင်းကိုပဲ ပိုခင်တွယ်ခဲ့တာ ကလေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဒဏ်ရာရအောင် မင်းလုပ်မလို့လား.. ကလေးမျက်နှာကိုတောင် မထောက်တော့ဘူးလား.. "

ဆော့ဂျင်လှည့်ထွက်ခဲ့လိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ပြီးတော့ သူအွန်းလေးအခန်းဘက် လျှောက်လာခဲ့သည်။ အခန်းတံခါးကို ဖြည်းဖြည်းချင်းဖွင့်ရင်း အသံမထွက်အောင် ပြန်ပိတ်လိုက်သည်။ အွန်းလေးက စာကြည့်စားပွဲတွင် ပုံထိုင်ဆွဲနေသည်။ပြန်လာတုန်းကအဝတ်အစားနဲ့တောင် မဟုတ်တော့ဘဲ သူ့ဟာသူ ညအိပ်ဝတ်စုံကို လဲထားပြီ။ အခုဆို အိပ်ရာတောင်လာနိုးစရာမလိုတော့ဘဲ သူ့ဟာသူထတတ်နေပြီ။ အဝတ်အစားကို သူလဲပေးစရာမလိုတော့ဘဲ ကိုယ်တိုင်လဲတတ်နေပြီ။

" ပါးပါး "

သူတံခါးဝနားမှာရပ်နေတာကို အွန်းလေးကမြင်သွားပြီး လက်ယပ်ခေါ်လာသည်။

" အင်း.. သမီးဘာတွေလုပ်နေတာလဲ "

" ပုံဆွဲနေတာပါးပါး .. လက်ဆောင်ပေးဖို့ "

" ဘယ်သူ့ကိုလဲ သမီးရဲ့ "

" ပါးပါးအတွက်.. "

" ပါးအတွက် "

ဆော့ဂျင်အံ့ဩသွားရင်း အွန်းလေးပေးတဲ့ ပုံဆွဲစာရွက်လေးကို လှမ်းယူလိုက်သည်။

" သမီး.. "

ပုံကိုကြည့်ရင်း ဆော့ဂျင် အွန်းလေးကို ပြန်ကြည့်လိုက်သည်။ဂျောင်ဂုနဲ့သူနဲ့ ယှဉ်ရပ်ထားတဲ့ပုံရယ် မျက်နှာချင်းဆိုင်မှာ ကလေးသေးသေးလေးရပ်နေပြီး အပြန်အလှန် လက်ပြနှုတ်ဆက်နေကြသည်။ အွန်းလေးကသိနေတာပဲ.. သူကျချင်နေတဲ့မျက်ရည်တွေကို ပုတ်ခတ်သိမ်းရင်း အွန်းလေးကိုဖက်ထားလိုက်သည်။

" သမီး ပါးပါးကလေ.. "

" အွန်းလေးသိတယ် ပါးပါးက ကိုကိုနဲ့အတူနေတော့မှာ "

" ပါးပါးတောင်းပန်ပါတယ် "

" ပါးပါးက အွန်းလေးကိုမချစ်တော့လို့လား.. "

" မဟုတ်တာ မဟုတ်တာ ပါးသမီးကို အရမ်းချစ်ပါတယ် ပါးအချစ်ဆုံးသမီးလေးကို ပါးချစ်တာပေါ့.. ချစ်တာပေါ့ ..ပါးပါးက သမီးနဲ့အတူမနေတော့မှာဘဲရှိတယ် အဲဒါက သမီးကိုမချစ်လို့မဟုတ်ဘူးနော် ပါးပါးက သမီးကိုအိပ်ရာလာမနှိုးနိုင်တော့မှာ၊ မချော့သိပ်နိုင်တော့မှာ၊ ထမင်းအတူမစားနိုင်တော့မှာ၊ အဝတ်အစားသေချာမဝတ်ပေးနိုင်တော့မှာ.. အဲဒါတွေ အမြဲမလုပ်ပေးနိုင်တော့မှာဘဲရှိတယ် ပါးပါးတို့အတူမနေရတော့ ပါးပါးအဲဒါတွေ လုပ်ပေးလို့မရတော့ဘူး "

" သမီး.. ချစ်တယ်ဆိုတာအဝေးကနေလည်း ချစ်လို့ရတာပဲ ပါးပါးနဲ့သမီးခွဲနေပေမဲ့ ပါးပါးက သမီးကိုချစ်နေတုန်းပဲ သမီးနားလည်လား သမီးရော ပါးပါးကိုချစ်တယ်မလား "

" အွန်းလေးလည်း ပါးပါးကိုချစ်တယ် အွန်းလေးက အွန်းလေးက ပါးပါးက အွန်းလေးကို မချစ်ချင်တော့လို့ အွန်းလေးနဲ့ အတူမနေချင်တော့တယ်ထင်နေတာ "

" မဟုတ်တာ မဟုတ်တာ သမီးကိုပါးပါးအရမ်းချစ်တယ် ပါးပါးတို့ အတူမနေတော့တာဘဲရှိတယ် ပါးပါးက သမီးကိုချစ်နေတုန်းပဲ.. ပါးပါးက ကျောင်းအမြဲမပို့ပေးနိုင်တော့ပေမဲ့ တစ်ခါတလေလာကြိုလို့ရတယ်၊ နေ့တိုင်း ထမင်းအတူမစားနိုင်တော့ပေမဲ့ တစ်ခါတလေအတူစားကြမယ် ဒါမှမဟုတ် သမီးတွေ့ချင်တဲ့အချိန်တိုင်း ဖုန်းခေါ်ခဲ့လိုက် ပါးပါး မေမေကိုလည်းမှာထားမယ် ပါးပါးကိုကိုတို့အိမ်မှာပဲ ရှိနေမှာ သမီးတွေ့ချင်ရင် အချိန်မရွေး ပါးပါးကိုဖုန်းဆက် ပါးပါးက သမီးနဲ့အတူတူပဲမနေတော့မှာ ကျန်တာဘာမှမပြောင်းလဲသွားဘူး ဟုတ်ပြီလား ပါးပါးက ကိုကိုအိမ်မှာ လိုက်အိပ်တယ်လို့ပဲ မှတ်ထားပေး "

" သိပြီ အွန်းလေးသိပြီ ကိုကိုက တစ်ယောက်တည်းမအိပ်ရဲဘူးတဲ့ ပါးပါးနဲ့ဖက်အိပ်မှ အိပ်ရဲတာတဲ့ အဲဒါကြောင့်လား "

" အင်း အင်း အဲလိုပဲ သမီးစိတ်မကောင်းမဖြစ်နဲ့တော့နော် ပါးပါးသမီးကို ကျောင်းလည်းလာကြိုမယ် ကျောင်းပိတ်ရက်တွေကျရင်လည်း သမီးကိုလာတွေ့မယ် ကိုကိုနဲ့အတူ လျှောက်လည်ကြမယ် သမီးသွားချင်တဲ့နေရာတွေ စဉ်းစားထား ပုံလှလှလေးတွေဆွဲထား ပါးပါးနဲ့တွေ့တဲ့အချိန်ကြရင် ပါးပါးကိုပြ "

" ဟုတ် ပါးပါး။ ပါးပါး အွန်းလေးဝမ်းမနည်းတော့ဘူးအခု ပါးပါး အွန်းလေးကို ချော့သိပ်စရာလည်းမလိုတော့ဘူး အွန်းလေးကိုယ့်ဟာကိုယ်အိပ်တတ်နေပြီ.. သွားတိုက်ပြီးရင် အိပ်လို့ရပြီ.. အိပ်ရာထရင်လည်း ကိုယ့်ဟာကိုယ်ထတတ်နေပြီ မျက်နှာလည်းသစ်တတ်တယ် ဆံပင်တွေကို ကစ်လစ်နဲ့ညပ်ထားရတာ.. အင်္ကျီကြယ်သီးလည်း တပ်တတ်တယ် ဖိနပ်ကြိုးတော့ မချည်တတ်သေးဘူးဟီး မေမေလုပ်ပေးလို့ရတယ် "

" သမီးကကြီးလာပြီကိုး အားလုံးကို လုပ်တတ်နေပြီ တော်လိုက်တာ ပါးသမီးက "

" ကိုကိုနဲ့အွန်းလေးနဲ့ ဘယ်သူပိုတော်လဲ "

" ပါးသမီးလေးက ပိုတော်‌တာပေါ့ ကိုကိုက အဲလိုမျိုးတွေနားမလည်ဘူး "

" ခစ်ခစ် ကိုကိုကဆိုးတယ်မလားပါးပါး "

" ဆိုးတာမှ အရမ်းဆိုးတာ "

" ခစ်ခစ် "

‌အပူအပင်ကင်းစွာ တခစ်ခစ်ရယ်နေတဲ့အွန်းလေးကို ကြည့်ရင်း သူပါလိုက်ပြုံးလိုက်မိသည်။ မထင်ထားလောက်အောင် အွန်းလေးက ရင့်ကျက်လာခဲ့ပြီ။ အကုန်လုံးကို နားလည်နေပြီ။ တော်သေးတာပေါ့ နိုအွန်းက အခုနောက်ပိုင်း သမီးကို သိသိသာသာကိုဂရုစိုက်လာခဲ့တာ.. သမီးကိုလည်း သူပဲ ဒီလိုတွေလုပ်တတ်ဖို့သင်ပေးတာ။ အနီးကပ်သင်ပေးမဲ့သူရှိလာတော့ အွန်းလေးကနားဝင်လာသည်။ အွန်းလေးကလည်း နောက်ပိုင်း သူ့မေမေကို ရှာတတ်နေပြီ။ နောက်ကြာရင် သူ့ကိုတောင်မေ့ချင်မေ့သွားတော့မှာ..

......................................

" စီအီးအိုဖြစ်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် လက်ခံပေးပါစီအီးအို.. "

" ခွေးကောင် ပြောင်စပ်စပ်နဲ့ ငါတကယ် တစ်နေ့လုံး စိတ်လှုပ်ရှားနေတာကွ "

" အေးဆေးပေါ့ကွာ ကိုယ့်နေရာကိုယ်ပဲ မင်းကိုဘယ်သူမှ အဲလောက်ထိမလုပ်ရဲဘူး "

" ချီး ဒီနေ့တင် ငါ့ကိုဝိုင်းအကဲခတ်နေကြတာ မသင့်တော်သေးဘူးဘာညာနဲ့ ငါ့ကိုရှေ့ထားပြီး "

" မင်းစီအီးအိုဖြစ်ရင် အကုန်ဖြုတ်ပစ်လိုက်ကွာ "

" ငါ့ပဲအရင်ဖြုတ်သွားကြမှာ ကြည့်နေ ငါ့ကိုသူတို့စောင့်ကြည့်နေကြတော့မှာ ငါတော့လုံးပါးပါးအုံးမှာ ဟူး.. "

" သောက်ကွာ နောက်မှဟာတွေးပူမနေနဲ့ ဦးလည်းရှိနေတာပဲ သူက ရှင်းကိုသံယောဇဉ်ပြတ်တာမဟုတ်ဘူး ပူမနေနဲ့ "

" သိပါတယ် အဲဒါကြောင့်လည်း သူတို့ငါ့ကို အင်တင်တင်နဲ့ အတည်ပြုလိုက်တာပေါ့ ယောက်ဖမျက်နှာကြောင့်.. အိုး.. ယောက်ဖဘယ်ဟုတ်တော့မလဲ.. "

" မင်းငါ့ကို ညီအစ်ကိုလိုခင်ရင်တော့ ယောက်ဖပဲပေါ့ "

ဂျောင်ဂုက ကော်လံကိုပင့်တင်ရင်း ဟန်ပါပါပြောသည်။ဒီကောင်တော်တော်ကို ပျော်နေတာဖြစ်သည်။ သူထိုကျတော့လည်း သူ့မမကြီးကိုမြင်ယောင်ရင်း သက်ပြင်းချမိသည်။ မမကြီးနဲ့သူ အစည်းအဝေးပြီးတော့ သူ့အတွက်ဂုဏ်ပြုပေးရင်း စကားပြောဖြစ်ကြသေးသည်။ ဘီယာသောက် စကားပြောကြရင်းမှ မမကြီးက ယောက်ဖနဲ့ဂျောင်ဂုအကြောင်း ပြောလာသည်။ သူတို့ဘယ်တုန်းကကတည်းနဲ့ ကြိုက်တာလဲ သူရောသိလားပေါ့.. သူသိသလောက်ပြောပြမိတော့ မမကြီးက အကြာကြီးငိုင်နေခဲ့သည်။ ပြီးတော့ တိတ်တဆိတ်ငို‌ပါတော့သည်။သူမသိခဲ့ဘူး သူတကယ်မသိခဲ့တာပါ။ မမကြီးယောက်ဖအပေါ် စိတ်ရှိနေမှန်း သူတကယ်မရိပ်မိခဲ့တာပါ။ မဟုတ်ရင် မဟုတ်ရင် သူဂျောင်ဂုနဲ့ယောက်ဖကို လွှတ်ထားခဲ့မှာတော့မဟုတ်ဘူး။ ထိန်းသင့်သလောက် သူထိန်းခဲ့မိမှာ... ယောက်ဖနဲ့ဂျောင်ဂုကို နီးစပ်စေချင်ခဲ့တယ်ဆိုတာ မမကြီးဘက်က မဟုတ်ခဲ့လိုဘဲ.. မမကြီးဘက်ကသာ နည်းနည်းလောက်ပွင့်လင်းခဲ့မယ်ဆို နောက်ကျအုံးမှာမဟုတ်ဘူး။ အခုတော့ အကုန်နောက်ကျသွားပြီ။ ယောက်ဖကိုယ်တိုင်ကလည်း ဂျောင်ဂုကို အလေးအနက်တုံ့ပြန်ခဲ့ပြီ။ ယောက်ဖဒီလိုဆုံးဖြတ်တယ်ဆိုကတည်းက ဒီကောင့်ကို တကယ်ချစ်သွားလို့ပဲ။ ဒီကောင်လည်း ဘာထူးလဲ ယောက်ဖနဲ့အတည်တကျဖြစ်သွားပြီး နောက်ပိုင်း ဘယ်မှခေါ်လို့မရတော့.. ဦးမကြိုက်ဘူး ဦးမလုပ်ခိုင်းဘူး နေတာပဲ..

" သောက်မယ်ကွာ ဒီနေ့တော့ အမူးသောက်ရအောင် "

" မင်းဦးကရလို့လား "

" ဦးခွင့်ပြုပေးခဲ့တာကွ သောက်သောက် မူးရင်ငါလိုက်ပို့မယ် "

" ခွေးကောင် အကြံနဲ့.. "

သူလိုက်ပို့ချင်တဲ့အကြောင်းအရင်းကို မသိတာမှတ်လို့။သူတစ်ခွက်မော့လိုက်ရင်း အရင်ကအကြောင်းတွေ ပြန်တွေးမိသွားသည်။ ဂျောင်ဂုတစ်ယောက် ယောက်ဖကိုချဉ်းကပ်ခဲ့ရတာ လွယ်တော့မလွယ်ခဲ့ဘူး။ ဒီကောင်နဲ့ထိုက်တန်ပါတယ်လေ... သူမမကြီးအပေါ် အားနာစိတ်ဖြစ်ပေမဲ့လည်း ဂျောင်ဂုရဲ့ဇွဲလုံ့လတွေကိုလည်း အသိအမှတ်ပြုပေးရအုံးမည်။

" မင်း ယောက်ဖကိုကောင်းကောင်းထား "

" ငါသိပါတယ် "

" ငါပြောတာဆုံးအောင်နားထောင် ယောက်ဖက ဒီလိုလုပ်ဖို့ လွယ်လွယ်ဆုံးဖြတ်ခဲ့တာတော့မဟုတ်ဘူး။ ငါထင်မိတာ သူက သူ့ဘဝကို ဒီအတိုင်းပဲသွားတော့မယ်လို့တောင် ထင်ခဲ့တာ မမကြီးက ဒီလောက်စိတ်ပျက်အောင်လုပ်ခဲ့တာတောင် သူကကျောက်ခဲတုံးလို နေခဲ့တာ အရင်ကတော့ အဲဒါက သူသည်းခံတတ်တယ်ထင်ခဲ့တာ အမှန်တော့ သူမမကြီးအပေါ် ဘယ်လိုစိတ်မှမရှိခဲ့တာဘဲ အဲဒါကြောင့် မမကြီးဘယ်လိုနေနေ သူဂရုမစိုက်ခဲ့တာ မမကြီးကတော့ သူဂရုစိုက်လာဖို့ အရွဲ့တိုက်ရင်း အလုပ်ရှုပ်နေခဲ့တာ "

" မင်းသိတယ်လား "

" အင်း.. ငါလည်းနောက်မှသိလိုက်ရတာ ငါသာစောစောသိခဲ့ရင် မင်းကိုတားခဲ့မိမှာ "

" ဘယ်သူတားတား ငါကဦးမှဦး တားမရဆီးမရဘဲ "

" ခွေးကောင် ခွေးစကားနော် ငါ့ကိုဒီစကားပြောရဲတယ်ပေါ့ ငါယောက်ဖကို အကုန်ပြန်တိုင်လိုက်မှ- "

" တော် တော် မင်းကလည်း.. ထားပါကွာ အခုတော့ဦးမှဦးပဲ "

" ဒါကြောင့် အေးအေးဆေးဆေးနေ ယောက်ဖက ငါတို့အပေါ်အေးစက်ပေမဲ့ အများကြီးတာဝန်ကျေခဲ့တယ် သူမရှိတော့ရင် ရှင်းကလက်မောင်းတစ်ဖက်ပြုတ်သလိုပဲ မင်းလက်ထဲ အဖိုးတန်ရောက်လာသလို ကောင်းကောင်းတန်ဖိုးထားပါ မဟုတ်ရင် ငါတို့ပြန်ဆွဲထားရလိမ့်မယ် ကြားလား "

" ရှိတုန်းကတော့ ပြဿနာပေါင်းစုံ လိုက်ရှင်းခိုင်းပြီး..အခုမှ ဦးကျေးဇူးသိပြီမလား ... "

" မကွာရသေးဘူးနော် လေသံပြင်လိုက်ဟေ့ရောင် ယောက်ဖကို ငါကျေးဇူးဆပ်ချင်သေးတယ်ဆိုပြီး တစ်အိမ်လုံးကိုပြောပြီး ဆွဲခိုင်းထားလိုက်ရမလား အနည်းဆုံး တစ်နှစ်လောက်လေ "

" ဟေ့ရောင် မင်းကလည်း... မလုပ်နဲ့ မလုပ်နဲ့ အဲအကြံကို မင်းခေါင်းထဲမှာပဲ သိမ်းထား ‌ကျေးဇူးလည်းမဆပ်နဲသိလား ငါပဲ မင်းအစားဆပ်ပေးလိုက်မယ် "

" အပိုးကိုကျိုးနေတာပဲ ချစ်ကြောက်ရိုသေဆိုတဲ့အတိုင်းပဲ... ဒီလိုကြတော့လည်း ပလေးဘွိုင်းကြီးဂျွန်ဂျောင်ဂုကို လွမ်းမိသား ရှယ်အမ်းတဲ့ပလေးဘွိုင်းလေးလေ "

" မရှိတော့ဘူး သေပြီကွာ အစပြန်မဖော်နဲ့တော့ ပလေးဘွိုင်းဆိုတဲ့ကောင် မရှိတော့ဘူး ဦးထိပ်ထားစံပဲရှိတော့တယ် ရပြီလား မင်းငါ့ကို တော်တော်နှိမ်ချင်နေတဲ့ပုံပဲမင်းအလှည့်ကျမှ ငါ့ထက်မဆိုးစေနဲ့ ‌ငါစောင့်ကြည့်နေမှာ "

သူပြောတော့ ဂျူအွန်းက ဂရုမစိုက်ဆိုတဲ့ပုံစံနဲ့ ပခုံးတွန့်ပြသည်။ မင်းလည်းလာအုံးမှာပါလို့..သူ့တုန်းကလည်း အဲလိုပဲတွေးခဲ့ဖူးတာပဲ .. အခုတော့ ဒီကောင်က သူအတွက်ကတော့ အေးဆေးပဲဆိုသည့်သဘောနဲ့ အေးဆေးလုပ်နေသည်။မင်းလည်းလာအုံးမှာပါငါ့ကောင်ရ..

" သောက် ဟေ့ရောင် နောက်ဆိုငါက အားတော့မှာမဟုတ်ဘူး အားလုံးစိတ်ချရအောင် ငါကြိုးစားရမယ် ဒီနေ့လူတွေ ပါးစပ်ပိတ်သွားအောင်နဲ့ ယောက်ဖနောက်ဆံမတင်းရအောင် ဖေဖေလည်းဂုဏ်ယူရအောင်.. "

" ‌မင်းလုပ်နိုင်ပါတယ် မင်းအဲလိုဖြစ်လာမှာပါ မင်းဘက်မှာ ငါလည်းရှိနေတယ် တခုခုဆို ငါရှိတယ်ဂျူအွန်း.. ဝန်လေးမနေနဲ့ မင်းကို ဦးကလည်း လုပ်နိုင်လောက်တဲ့အရည်အချင်းတွေမြင်လို့ လွဲပေးတာတဲ့ ဦးလည်းမင်းကိုပစ်မထားပါဘူး "

ဂျောင်ဂု ဂျူအွန်းပခုံးကို တစ်ချက်တိုက်ရင်း ပြောလိုက်သည်။ ဂျူအွန်းက ခေါင်းညိတ်ပြသည်။သူတို့အရက်ငှဲ့လိုက်ကြရင်း ခွက်တိုက်ကာ တစ်ကျိုက်တည်းမော့သောက်လိုက်ကြသည်။

" စီအီးအိုရှင်းဂျူအွန်းအတွက် တစ်ခွက် "

" ဂျွန်ဂျောင်ဂုယောကျာ်းရသွားလို့ တစ်ခွက် "

" ရှင်းဂျူအွန်းခြေငြိမ်သွားလို့ တစ်ခွက် "

" ဂျွန်ဂျောင်ဂုယောကျာ်းကြောက်ရလို့ တစ်ခွက် "

တစ်ယောက်နဲ့တစ်ယောက် ဖဲ့နေကြရင်း တစ်ခွက်ပြီးတစ်ခွက်နဲ့ နှစ်ယောက်သား ရေချိန်ကိုက်လာကြသည်။သူကတော့ သိပ်မသောက်တော့။ ဒီကောင်သာ အမူးသောက်ပါလေ့စေ.. သူပြောသလိုပဲ သူက အခုချိန်လေးပဲ သောက်လို့ရမှာ .. ဪ.. ဘာလိုလိုနဲ့ အမြဲပျော်ပါးအလေလိုက်နေတဲ့ သူတို့တောင် တည်ငြိမ်ကုန်ကြပြီ။ ဟိုလူအတွက် ဒီလူအတွက်တွေလည်း တွေးပေးတတ်လာပြီ။

___________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories