ep9
15:33, 20 February 2024" ဦး မောနင်း "
ကုမ္မဏီရောက်ရောက်ချင်း ဦးနဲ့လမ်းတွင်တွေ့တော့ သူလက်ပြနှုတ်ဆက်လိုက်သည်။ ဦးကသူ့ကို ဂရုပင်မစိုက် ဓာတ်လှေကားထဲ ဝင်သွားသည်။မနေ့ကကိစ္စ စိတ်ဆိုးနေတုန်းထင်သည်။
" ဟျောင့် တခုခုဖြစ်ထားတာလား "
ဂျူအွန်းအမေးကို သူမဖြေလိုက်။ ပခုံးတစ်ချက်သာ တွန့်ပြလိုက်ရင်း ရှေ့ဆက်လျှောက်ခဲ့သည်။ ဒီလောက်လေးနဲ့ ခါးခါးသီးသီးဖြစ်သွားတယ်ပေါ့! ဒါတောင် သူကတက်တူးထိုးဖို့ဆိုတာ ရှင်းပြခဲ့သေးတာကို။ ကင်မ်ဆော့ဂျင် ဘာအကွက်တွေ ရွှေ့နေပြန်တာတုန်း။
" လချုပ်စာရင်းတွေ စစ်ထားကြတော့နော် လကုန်ဖို့မလို့တော့ဘူး သိတယ်ဟုတ် လုပ်ကြလုပ်ကြ "
ဌာနမှူးက လောဆော်ဩသွားပြီးဌာနထဲက ပြန်ထွက်သွားသည်။ ဌာနအသီးသီးတိုင်း လကုန်ခါနီးမလို့ အလုပ်များနေကြသည်။ သူနဲ့ဂျူအွန်းသာ အေးအေးဆေးဆေးရှိနေသည်။ ဂျူအွန်းဆို ဂိမ်းအဆော့တောင် မပြတ်...သူကတော့ ကင်မ်ဆော့ဂျင်ကို ဘယ်လိုနှောင့်ယှက်ရလဲ စဉ်းစားနေတုန်း... မနက်က သူခေါ်တာကို မသိသလိုပင် လုပ်သွားတာ မသိရင်သူက သူ့ကို အတင်းစော်ကားထားသလို..
" မုန်းလိုက်တာ!! "
" ထပ်ပြီးလား "
" ကိုယ့်ဟာကိုယ်သာ ဂိမ်းဆော့နေစမ်းပါ အကူအညီမဖြစ်ကောင်ရဲ့ မနှောင့်ယှက်စမ်းပါနဲ့ "
" အိုကေ တိတ်တိတ်နေလိုက်ပြီ အကောင်းလည်းမေးရသေး နေပေါ့ "
အကောင်းမေးတဲ့သူက ဂိမ်းပင်အဆော့မပြတ် သူ့ကိုပင် အကြည့်တစ်ချက်မပေးဘဲ ချီးကိုအကောင်းမေးတာ!
" ဘယ်သူအားလဲ ဒါလေးတစ်ချက်လောက် စီအီးအိုရုံးခန်း- "
" ကျွန်တော် ကျွန်တော် ဂျောင်ဂုအားတယ် "
စီးအီးအိုအသံကြားတာနဲ့ ဂျောင်ဂုအသံပေးပြီး အလျင် ထရပ်လိုက်သည်။ သူအမြန် နေရာကထလိုက်ပြီး စီနီယာအစ်ကိုဆီက ဖိုင်တွဲကို လှမ်းယူလိုက်သည်။
" အလျင်မလိုပါဘူး ဂျောင်ဂုရဲ့ ဖြည်းဖြည်းလုပ် ရတယ် "
" အခုခေတ်လူငယ်တွေများ သွက်သွက်လက်လက်ရှိလိုက်တာ ကောင်းတယ် ကောင်းတယ် "
စီနီယာအစ်ကိုတွေက သူ့ကိုတစ်ယောက်ပြီးတစ်ယောက် မှတ်ချက်ချသွားကြသည်။ အကြောင်းသိတဲ့ဂျူအွန်းက တခွီးခွီးနဲ့ရယ်နေသည်။ သူဌာနထဲက တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ထွက်လာခဲ့ပြီး စီအီးအိုအထပ်သို့ တက်လာခဲ့သည်။ စီအီးအိုအခန်းရောက်တော့ ဦးရဲ့အတွင်းရေးမှူးနှစ်ယောက်နဲ့ အရင်တွေ့သည်။ သူတို့က သူ့ကိုပြုံးပြလာသည်။သူလည်းပြန်ရယ်ပြလိုက်ပြီး ဦးအခန်းတံခါးကို ခေါက်လိုက်သည်။ ဦးရဲ့ဩဇာအပြည့်နဲ့ 'ဝင်ခဲ့'ဆိုတဲ့အသံက သူ့ကိုစိတ်လှုပ်ရှားစေလာသည်။ သတို့သားက သူ့သတို့သမီးအခန်းထဲ ဝင်ရတော့မှာမလို့ စိတ်လှုပ်ရှားသည့်နှယ်။ သူအခန်းထဲဝင်လိုက်ပြီး ဦးဆီပဲတည့်တည့်လျှောက်သွားလိုက်သည်။ ဦးကအလုပ်ထဲအာရုံရောက်နေပြီး မျက်ခုံးတွေက ကျုံ့စုလျက်။ သူအသံတိတ်ငေးကြည့်နေတော့ ဦးကပင် မော့ကြည့်လာသည်။သို့သော် သူ့ကိုမြင်တာနဲ့ အကြည့်တွေက ချက်ချင်းခက်ထန်သွားတော့သည်။
" မင်းဘာလာလုပ်တာလဲ "
" ဦးကိုလွမ်းလို့လေ မျက်နှာမြင်ချင်လို့ "
" ဂျွန်ဂျောင်ဂု မင်းငါ့ကိုအလုပ်ထဲမှာအထိပါ လာနှောင့်ယှက်နေပြီပေါ့ ဒါကုမ္မဏီမှာဆိုတာ သိရဲ့လား "
" တခြားမှာဆိုရင်ရော ဦးကနှောင့်ယှက်ခံလို့လား စကားကို ကြည့်ကောင်းအောင်ပြောမနေနဲ့ ဘယ်နေရာမှာများ ဦးကိုကောင်းကောင်းတွေ့ခွင့်ရလို့လဲ ပြီးတော့ ကျွန်တော်က နှောင့်ယှက်ဖို့လာတာမဟုတ်ပါဘူးနော် ကျွန်တော့်ကြောင့် ဦးဘယ်နေရာမှာများ ထိခိုက်သွားရဖူးလို့လဲ အမြဲနှောင့်ယှက်တယ်ပဲ ပြောနေတာ.. ပြောစမ်းပါအုံး ကျွန်တော့်ကြောင့် ဦး ဘယ်နားထိခိုက်နစ်နာဖူးသွားလဲ "
" ကျစ်! အဲဒါဆို မင်းအခုဘာလာလုပ်တာလဲ "
" စီနီယာအစ်ကိုက ဒါလေးသူ့အစားလာပေးခိုင်းလို့ အဲဒါနှောင့်ယှက်တာလား "
" ထားခဲ့လိုက် ပြီးရင်သွားတော့ "
" မသွားဘူး "
" မင်း!.. ဘာဖြစ်ချင်နေတာလဲမင်း "
" ဖြစ်ချင်တာကို ပြောပြရမှာလား တကယ်ပြောပြရမှာလား "
" ကျစ်! ဂျွန်ဂျောင်ဂု "
ဦးက စိတ်ရှုပ်သွားသလို မျက်ခုံးတွေကို လက်တစ်ဖက်ထောက်ရင်း နှိပ်နယ်နေသည်။ ဟွင့် ဒီလောက်နဲ့စိတ်ရှုပ်တယ်ပေါ့
" ဂျောင်ဂု ငါစိတ်မကြည်ဘူးနော် မင်းကိုထပ်မအော်ချင်ဘူး သွားလိုက်တော့ "
ဟွင့် ဂရုကိုမစိုက်တာ အရင်ကသူအော်ရင် ငိုပြပြီး အနားကပ်လို့ရပေမဲ့ ဘာမှမှမထူးတာ ငိုပြလည်း မထူးမဲ့အတူ ကြောက်ပြမနေတော့ဘူး။ ဦးကြောက်အောင်ပဲ ခြောက်ပြတော့မယ်။
" မသွားသေးဘူးလား ငါခေါင်းကိုက်နေတယ် သွားလိုက်တော့ မင်းနဲ့စကားမများချင်သေးဘူး "
" ဦးခေါင်းကိုက်နေတာလား "
" အင်း.. ညကကောင်းကောင်းအိပ်မပျော်လို့ "
" ဟိဟိ ကျွန်တော့်ပုံတွေမြင်ပြီး အားကုန်တဲ့အထိ-စတာ စတာ ဦးဇက်ကြောတွေလည်း တက်တယ်မလားကျွန်တော်နှိပ်ပေးမယ် "
သူ ဦးဒေါသမထွက်ခင် မျက်နှာချိုသွေးလိုက်ပြီး မြန်မြန်ပင် ဦးနား အရောက်သွားလိုက်သည်။
" မင်းမလုပ်တတ်ဘဲနဲ့ သွားတော့ ငါ့အတွင်းရေးမှူးကိုသာ ဆေးလာပို့ခိုင်းလိုက်မယ် "
" မဟုတ်ဘူး ကျွန်တော်နှိပ်တတ်တယ် "
စားပွဲခုံပေါ် တံတောင်နှင့်ထောက်ထားတဲ့ ဦးရဲ့ခေါင်းကို ဖြည်းဖြည်းဆွဲယူလိုက်ပြီး နားထင်နားကို ဖိပွတ်ပေးလိုက်တော့ ဦးကငြိမ်ငြိမ်လေးပင် နေနေသည်။ ဒါက သူဖွားတို့၊မေမေလေးတို့ကို ချွဲတဲ့အခါ အကောင်းဆုံးလက်နက်လေ။ သူအကျွမ်းကျင်ဆုံး ပညာရပ်ထဲကတစ်ခုပေါ့။
" ဦးအဆင်ပြေရဲ့လား အားများရင် ပြောနော် "
" အင်း မင်းကလုပ်တတ်သားပဲ "
" ပြောသားပဲ အိမ်မှာဆို ဖွားနဲ့မေမေလေးကို နှိပ်ပေးနေကြ နောက်ဆို ဦးကိုပါနှိပ်ပေးရတော့မှာ "
" ကျေးဇူးပဲ မင်းကျေးဇူးကြောင့် ကောင်းကောင်းသက်သာသွားပြီ ငါညက ညဥ့်နက်တဲ့အထိ အလုပ်လုပ်မိသွားတယ် မနက်ရောက်တော့ ဇက်ကြောတွေတောင့်တင်းပြီး စိတ်မကြည်တော့ဘူးဖြစ်နေတယ် "
" ဒါကြောင့် မနက်က ကျွန်တော်ခေါ်တော့ မသိချင်ယောင်ဆောင်သွားတယ်ပေါ့ ကျွန်တော်အနှောင့်အယှက်ပေးမယ်ထင်ပြီး "
" မဟုတ်တာ.. ငါမင်းကိုမမြင်မိပါဘူး ခေါ်သေးတာလား "
" အင်း။ မမြင်လို့လား တော်သေးတာပေါ့ "
အမှန်က သူမြင်လိုက်ပါတယ်။ မနေ့ကသူ့ကို အဲလိုတွေလုပ်လာတော့ သံသယများပြီး နောက်အရောမဝင်ဘဲ ခပ်ကင်းကင်းနေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် စိတ်မကြည်မှုတွေနဲ့ ပေါင်းပြီး သူမသိချင်ယောင်ဆောင်လိုက်မိသည်။ အခုတော့ ကောင်လေးက သူ့အပြုအမူတွေကြောင့် စိတ်မကောင်းဖြစ်နေတော့ ပထမဆုံးအကြိမ်သူမုသားသုံးမိသည်။ သူ့လိမ်လည်စကားက ကောင်လေးကို စိတ်သက်သာရာရစေတော့လည်း သူမုသားသုံးလိုက်ရတဲ့အပေါ် နောင်တမရတော့။ ဘာရယ်မဟုတ်ဘဲနဲ့ စိတ်ထိခိုက်နေတဲ့ကောင်လေးကိုလည်း သူနားမလည်သလို ကောင်လေးစိတ်မကောင်းဖြစ်သွားလို့ လိမ်လည်လိုက်ရတဲ့ သူ့ကိုယ်သူကိုလည်း နားမလည်။
.................................
" ဦး ကျွန်တော်မောင်းမယ် "
" မင်းက ဘယ်ကဘယ်လို.. ဒီနေ့ရော မင်းသူငယ်ချင်းက မစောင့်ဘူးလား "
" စောင့်တယ် ဦးကိုစိတ်မချလို့ ဦးကခေါင်းမူးနေတယ်ဆိုပြီး ကားမောင်းလို့ဘယ်ဖြစ်မလဲ အဲဒါကြောင့် ကားပါကင်မှာ ဦးကိုလာစောင့်နေတာ ဦးဟိုဘက်ကတက် "
ဂျောင်ဂုက ကားပါကင်ကနေ ရုတ်တရက်ထွက်လာပြီး သူ့ကားနဲ့ သူ့ကို စီမံခန့်ခွဲနေသည်။ နေ့လယ်ကလည်း သူက သေချာနှိပ်ပေးသွားပြီး ဆေးသောက်ဖို့အပြင် ဆေးမသောက်ခင်အစာစားဖို့ပါ ပြင်ဆင်ပေးသွားသည်။ပြီးတော့ သူက နောက်တစ်ကြိမ်ဆေးသောက်ဖို့ပင် သူ့အတွင်းရေးမှူးကိုမှာ ကြားသွားသေးသည်။ အခုလည်း သူသက်သာသလိုတော့ ရှိနေပြီ တစ်ချက်တစ်ချက်တော့ ခေါင်းထိုးကိုက်ပေမဲ့ အဆင်တော့ပြေနေတုန်းပဲ။ ကားမမောင်းနိုင်လောက်အောင်တော့ မဟုတ်ပေမဲ့ နေမကောင်းချိန်မှာတော့ သက်သောင့်သက်သာ နေချင်မိတာအမှန်ပင်။ ထို့ကြောင့် သူဘာမှမပြောတော့ဘဲ သူ့အစီအစဉ်အတိုင်း ကားမောင်းသူဘေးတွင် ဝင်ထိုင်လိုက်သည်။
" အရင်ဆုံး ကလေးသွားကြိုမှာမလား "
" အင်း "
သူမျက်လုံးတွေမှိတ်ထားရင် ဖြေလိုက်သည်။ ဂျောင်ဂုက ကားကို ကျွမ်းကျင်စွာ ဖြည်းဖြည်းစထွက်သည်။ သူမျက်လုံးတွေမှေးမှိတ်ရင်းသာလိုက်ပါလာခဲ့သည်။ ကားစထွက်ရင်း ခဏတွင်တော့ ကားထဲတွင် သံစဉ်ခပ်တိုးတိုး ထွက်ပေါ်လာသည်။ထိုအခါတွင်တော့ အပြင်ဘက်ကဆူညံသံတွေ သိပ်မကြားရတော့ဘဲ သူ့အာရုံတွေကို သံစဉ်တွေကြားတွင်သာ နစ်မြှုပ်လိုက်တော့ ပိုအဆင်ပြေလာသည်။ခဏကြာတော့ သူတို့ကားလေး ဖြည်းညင်းစွာရပ်တန့်သွားတော့ သူမျက်လုံးဖွင့်ကြည့်လိုက်သည်။
" ကျွန်တော်သွားခေါ်လာလိုက်မယ် ဦးကားထဲပဲ နေနေခဲ့လိုက်တော့ "
သူခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။ဂျောင်ဂုကဘယ်ဆိုးလို့လဲ အလိုက်သိတာပဲ။လမ်းတစ်လျှောက်တွင်လည်း ကားကိုညင်ညင်သာသာသာ မောင်းနှင်ခဲ့သည်။ လမ်းကြောင်းမှန်မှန်နဲ့ အရာအားလုံးကို ချောချောမွေ့မွေ့ပင် လုပ်ဆောင်သွားသည်။
" ပေါက်စ ငြိမ်ငြိမ်ထိုင်နော် ဦးနေမကောင်းဘူး ဂျီမကျနဲ့ "
ဆော့ဂျင်အသံတွေကြားတော့ မျက်လုံးတွေဖွင့်ပြီး ခေါင်းကိုနောက်ခန်းဘက် အနည်းငယ်စောင်းငဲ့ကြည့်လိုက်သည်။ ဂျောင်ဂုက အွန်းလေးကို လွယ်အိတ်တွေချပေးရင်း ခါးပတ်ပတ်ပေးနေသည်။
" မင်းလွယ်အိတ်ထဲက ဘာတွေလဲ လေးလိုက်တာကို ကလေးနဲ့မလိုက် "
" ပါးပါးက နေမကောင်းဘူးလား "
" ဟုတ်တယ် ခေါင်းကိုက်နေတာ မင်းဂျီမကျနဲ့ဂျီကျရင် ပိုခေါင်းကိုက်တယ် ကြားလား "
ကလေးကို မဟုတ်တာတွေနဲ့ လျှောက်ခြောက်နေတာ။အွန်းလေးက သူ့ကိုလှမ်းကြည့်နေတော့ သူပြုံးပြလိုက်သည်။အွန်းလေးက ဂျီကျတတ်တဲ့သူမျိုးမှမဟုတ်တာ တစ်ခုပဲ သူနေမကောင်းချိန်ဆို ပိုအနားကပ်သည်။အနားမှာတစ်ချိန်လုံး ငြိမ်ငြိမ်လေးရှိနေတာ။
" မင်းက ကလေးကို လျှောက်ခြောက်နေတာပဲ "
ဂျောင်ဂုအရှေ့ခန်းဘက်ပြန်လာတော့ သူထိုစကားကို တိုးတိုးဆိုလိုက်သည်။
" ပြောပြထားတာလေ ကလေးတွေဂျီတာလောက် ခေါင်းကိုက်တာမရှိဘူး ဟုတ်တယ်မလား "
" အွန်းလေးက အဲလိုဂျီကျတတ်တဲ့ကလေးမဟုတ်ဘူး သူကအရမ်းလိမ်မာတာ မင်းသူ့ကို ငါနေမကောင်းဘူးပြောလိုက်ရင် သူအနားကတောင် ခွာတော့မှာမဟုတ်ဘူး "
ဆော့ဂျင်နောက်ခန်းကအွန်းလေးကို တစ်ချက်ကြည့်ရင်းပြောလိုက်သည်။ အွန်းလေးက အခုတည်းက သူ့ကိုဂရုတစိုက်ကြည့်နေသည်။
" ဟုတ်လားပေါက်စ ငါလည်း မင်းထက်လိမ်မာတယ် ငါလည်းဦးနားကမခွာချင်ဘူး "
ဂျောင်ဂုက ထိုစကားကို နောက်လှည့်ကြည့်ရင်းကနေ ပြန်လှည့်လာပြီး သူ့ဆီ တွေတွေလေးကြည့်ပြောလာတော့ သူအကြည့်လွဲလိုက်မိသည်။
" ပြန်ရအောင်လေ ကလေးဗိုက်ဆာနေလိမ့်မယ် "
" ဟုတ် ဒါဆိုသွားကြမလား "
ဆော့ဂျင်ထပ်ပြီး မျက်လုံးတွေပြန်မှိတ်ထားလိုက်သည်။သူအခုဘာအတွေးမှရှိမနေဘူး။ သူဘာလို့ဂျောင်ဂုအကူအညီတွေကို လွယ်လွယ်လက်ခံနေမိမှန်းလည်း သူမသိဘူး။ သူအရင်ကလည်း နေမကောင်းဖြစ်တဲ့အချိန်မျိုးတွေ ရှိတာပဲ။ အဲတုန်းက ကူညီမဲ့သူမရှိပါဘူး ရှိရင်တောင် လက်ခံစရာအကြောင်းမရှိဘူး။သူလုပ်နိုင်သည်။ ဘာလို့လဲဆိုတော့ သူလုပ်နိုင်သည်။ဒါတွေက သူ့အတွက် အသေးအဖွဲ့တွေပဲ။ သူဆိုတာ မိဘမဲ့ဂေဟာကနေလို့ ဂေဟာကထွက်လာပြီးကတည်းက တစ်ယောက်တည်းရုန်းကန်လာတာ။ အကုန်အဆင်ပြေပြီးပြီ။ သေမလောက်အခက်အခဲတွေထဲကနေပင် အဆင်ပြေလာခဲ့ပြီးပြီ။ သူဘယ်သူ့ဆီကမှ အကူအညီကို အလကားသက်သက် မယူချင်မိ။ တစ်ရာယူမိရင် တစ်ရာနဲ့တန်းတူ ပြန်ပေးနိုင်ရမည်ဆိုတာ သူလက်ခံထားပြီးသား။ နေတတ်သလောက် နေနိုင်သလောက်အမြဲတစ်ယောက်တည်းပဲ ရုန်းကန်ခဲ့သည်။ အခုသူက နေလေးနည်းနည်းမကောင်းချင်သလိုဖြစ်တာနဲ့ တစ်စုံတစ်ယောက်အကူအညီကို အလွယ်တကူ ယူလိုက်မိတယ်။ သူဆက်မတွေးချင်တော့ဘူး ခေါင်းက ပိုပိုကိုက်လာခဲ့သည်။ခေါင်းကိုခါယမ်းလိုက်ပြီး တွေးတောတာကို ရပ်လိုက်သည်။
" ဦး ခေါင်းကထပ်ကိုက်လာပြန်ပြီလား ကျွန်တော်တို့ဆေးခန်းသွားကြမလား "
" မသွားဘူး ရတယ် "
" ဟုတ် အိမ်ရောက်ရင်တော့ နားနားနေနေ,နေပါတော့ ရေချိုးမယ်ဆိုလည်း သွက်သွက်တော့ချိုး ဆေးလည်းသောက်အုံး.. ပေါက်စ မင်းပါးပါးကို ကြည့်အုံးနော်ရုပ်ဆိုးတဲ့ပုံတွေပဲ လျှောက်ခြစ်ဆွဲမနေနဲ့ "
" ကလေးကို ဘာတွေလျှောက်ပြောနေပြန်ပြီတုန်း.. "
" သူဆွဲတဲ့ပုံတွေက လှမှမလှတာ.. ကြားလား ပုံကဘယ်ချိန်ဆွဲဆွဲရတယ် ပါးပါးဆေးသောက်လား မသောက်လားသာကြည့်ထား ကြားလား "
ဂျွန်ဂျောင်ဂုမှာသမျှ အွန်းလေးကလည်း ခေါင်းညိတ်ရှာသည်။ သူတို့အိမ်ရောက်တော့လည်း ဂျောင်ဂုကသူ့ကို သေချာထပ်မှာပြန်သည်။ ကားကိုဂျောင်ဂုကိုသာ သွင်းခိုင်းလိုက်ပြီး သူအနားယူဖို့ အပေါ်တက်လာခဲ့သည်။ အိပ်ရာထဲခဏလှဲလိုက်ရင်တော့ သူသက်သာသွားမည်ထင်ပါသည်။
.......
သူခဏလှဲမည်ဆိုပြီး အိပ်လိုက်မိတာ နိုးလာတော့ မှောင်ပင်မှောင်နေပြီ။ သွားပြီ သူအွန်းလေးကို ဘာမှမလုပ်ပေးရသေးဘူး။ သူအိပ်ရာထဲက အမြန်ထလိုက်သည်။သူတို့ပြန်လာတည်းက သူကခဏလှဲအုံးမည်ဆိုပြီး အွန်းလေးကို ဆော့ခိုင်းထားနှင့်တာ။ အင်္ကျီလည်းမလဲပေး ထမင်းလည်းမကျွေးရသေးဘဲနဲ့.. ရှစ်နာရီတောင်ကျော်နေပြီ။ သူအွန်းလေးကိုရှာတော့ အွန်းလေးကသူ့အခန်းထဲမှာမရှိ။ ပုံမှန်ဆို သူနေမကောင်းရင် အနားကမခွာတဲ့ကလေးက။ သူစိုးရိမ်စိတ်မြှင့်တက်လာပြီး အွန်းလေးအခန်းဘက် မြန်မြန်ခြေဆန့်လိုက်သည်။အွန်းလေးအခန်းရှေ့ရောက်တော့ တံခါးက ဟနေသည်။
" ဂျွန်ဂျောင်ဂု "
" ဦး... နိုးပြီလား "
" မင်းကဘယ်လို... ဘာလုပ်နေတာလဲ "
သူအခန်းထဲဝင်တော့ ခုတင်ဘေးတွင် ဂျွန်ဂျောင်ဂုကိုအရင် တွေ့သည်။ ခုတင်ပေါ်တွင်တော့ အွန်းလေးကအိပ်နေပြီ။ ညဝတ်အိပ်အဝတ်စားပင် လဲထားပြီးပြီ။
" အိပ်သွားပြီဦး ဦးနိုးလာပြီဆိုတော့ ဆေးသောက်ရအောင် ဘာစားချင်လဲဦး "
" မင်းကဘာလို့ဒီမှာရှိနေတာလဲလို့ ငါမေးနေတာလေ "
" ကျွန်တော်အိမ်မပြန်ဘူး ဟိုဘက်အခန်းမှာနေတာ ဦးအိပ်နေတယ်ဆိုလို့ ပေါက်စကို လုပ်တတ်သလောက် လုပ်ပေးထားတယ် "
" ထမင်းရော ကျွေးပြီးပြီလား "
" ကျွေးပြီးသွားပြီ သူကဦးကိုမနှောင့်ယှက်ချင်လို့ထင်တယ် ငြိမ်ငြိမ်လေးစားတယ် ပုံနည်းနည်းဆွဲပြီး အိပ်ရာပေါ်တက်သွားတယ် မအိပ်ခင်တော့ ဦးအခန်းထဲ ဝင်လာကြည့်သွားသေးတယ် "
ဆော့ဂျင် အွန်းလေးရဲ့ဆံပင်တွေကို သပ်ပေးရင်းဂျောင်ဂုပြောတဲ့ အွန်းလေးအကြောင်းကို နားထောင်နေမိသည်။ သူအိပ်ခါနီး သူ့ကိုစိတ်မချဖြစ်ပြီး လာကြည့်သွားသေးတယ် အသိတတ်ကလေး။ဘာလို့ဒီကလေးက သွေးသားမတော်စပ်တဲ့သူ့ကို ပိုချစ်လည်းမသိ။ သူလည်းအွန်းလေးကို ပြောမပြတတ်အောင် ချစ်သည်။ သူအွန်းလေးနဖူးကို ဖွဖွနမ်းလိုက်ပြီး ခုတင်ပေါ်က ထလိုက်သည်။
" မင်းပင်ပန်းသွားပြီပဲ ကျေးဇူးပဲဂျောင်ဂု သွားနားတော့လေ "
" ဦး သက်သာသွားပြီလား "
" အင်း... ဒါနဲ့မင်းရောစားပြီးပြီလား "
" မစားရသေးဘူး ဟီး "
" မင်းတော့လေ.. သွားမယ်လာ အောက်မှာစောင့်နေ ငါရေချိုးပြီး ဆင်းခဲ့မယ် "
" ဟီး ကျွန်တော်လည်း မဆာသေးလို့ပါ ဦး ဦးရေချိုးမယ်ဆိုရင် မြန်မြန်တော့ချိုးနော် "
" မင်းဆရာမလုပ်နဲ့ သွားတော့ ငါ့ဟာငါသိတယ် "
" ဟုတ် ကျွန်တော်ကသတိပေးတာပါ "
ဆော့ဂျင်အခန်းရှေ့ရောက်သည်အထိ ဂျောင်ဂုကသူ့ကိုဆရာလုပ်ကာမှာတမ်းချွေနေသည်။ ဒီနေ့အတွက် ဂျောင်ဂုကူညီတာတွေတော်တော်ကလေးများနေပြီ။ ထို့ကြောင့် သူမအော်ရက်။ ထိုကောင်လေးကလည်း သူအော်မှာကြောက်ပြီး တဟီးဟီးနဲ့ရယ်ပြနေသည်။ သူကအကြောင်းမရှိဘဲ အော်နေတတ်တဲ့သူမှမဟုတ်တာ ဟုတ်တယ်မလား။
" ဘာလုပ်နေကြတာလဲဒီမှာ "
သူဂျောင်ဂုနဲ့တံခါးနားတွင် နီးနီးကပ်ကပ်ရှိနေတုန်း နိုအွန်းက လှေကားကနေ တက်လာသည်။
" ဩ မမကြီးပဲ မင်္ဂလာပါ "
" ဂျူအွန်းသူငယ်ချင်းကောင်လေးပဲ ဘာလုပ်နေတာလဲဒီမှာ "
နိုအွန်းက နီးနီးကပ်ကပ်ရှိနေတဲ့ သူနဲ့ဂျောင်ဂုကို အကဲခတ်ရင်း ထပ်မေးသည်။ သူကတော့ နှစ်ယောက်စလုံးကို အကြည့်လွဲလိုက်ပြီး ဆိတ်ဆိတ်သာနေလိုက်သည်။
" ကျွန်တော်က ဒီအထပ်ကအခန်းမှာ အိပ်တာလေ အိမ်မပြန်ဖြစ်ဘူး ဟီး "
" အွန်း အင်းပါ မင်းတို့အလုပ်လုပ်နေကြတယ်ကြားတယ် အားလုံးအဆင်ပြေတယ်မဟုတ်လား "
" ဟုတ် အကုန်ပြေတယ် ဦးကလည်းဂရုစိုက်ပေးတယ် ဦးကြောင့်အားလုံးအဆင်ပြေတယ် "
" ဟုတ်လား ကောင်းပါတယ် "
" မင်းဆင်းနှင့် ကိုယ်ရေချိုးပြီး ပြန်ဆင်းခဲ့မယ် "
ဆော့ဂျင်သူတို့စကားဝိုင်းကိုဖျက်ကာ ပြောလိုက်သည်။ပြီးတော့ သူနိုအွန်းကို တစ်ချက်ကြည့်ပြီး အခန်းထဲအရင်ဝင်ခဲ့နှင့်သည်။ သူအထဲဝင်ခါနီး ဂျောင်ဂုရဲ့ မှာတမ်းခြွေသံကို ကြားလိုက်ရသေးသည်။
" မြန်မြန်တော့လုပ်ခဲ့နော် နေကောင်းတာလည်းမဟုတ်ဘဲနဲ့ "
" မင်းက သူနဲ့အရမ်းရင်းနှီးတာလား "
" ဟင် "
ဦးဝင်သွားတော့ သူဝင်သွားသည်အထိ ကြည့်နေမိသည်။မမနိုအွန်းအသံကြားမှ အခန်းဘက်ကနေ မမနိုအွန်းထံပြန်ကြည့်မိသည်။ သူအားလုံး ကောင်းကောင်းကြားလိုက်ပေမဲ့ မကြားမိသလို ထပ်မေးလိုက်သည်။
" သူက ဘယ်သူနဲ့မှ သိပ်ရင်းရင်းနှီးနှီးမရှိလို့လေ အထူးသဖြင့် သူနဲ့အကျင့်စရိုက်မညီရင် သူကသိပ်စကားမပြောဘူး မင်းနဲ့က ရင်းနှီးနေသလားလို့ "
" အဲလိုထင်လား ကျွန်တော်က ရင်းနှီးအောင်ကြိုးစားနေတုန်းပါ ကျွန်တော့်အထင် ထင်သလောက်မရင်းနှီးသေးဘူးလားလို့ "
" သူကသွေးအေးတယ် မင်းအချိန်ကုန်တာပဲရှိလိမ့်မယ် ဟက် "
" ကျွန်တော်တော့ ဦးကို အဲလိုမထင်မိပါဘူး အဲလိုဆိုရင်တောင် ကျွန်တော်ကတော့ ရင်းနှီးချင်နေတုန်းပဲ "
ထိုအခါ မမနိုအွန်းက သူ့ကိုကြည့်လာသည်။သူလည်းအကြည့်မလွဲဘဲ တည့်တည့်ပြန်ကြည့်ပေးလိုက်သည်။ သူတို့တော်တော်ကြာ အကြည့်ချင်းဆုံကြည့်နေကြပြီးမှ မမနိုအွန်းကအရင် အကြည့်လွဲသွားသည်။
" ကောင်းတာပေါ့ အဆင်ပြေပြေရှိတော့လည်း.. "
မမနိုအွန်းက ထိုတစ်ခွန်းပဲ ထပ်ပြောပြီး သူ့အခန်းထဲဝင်သွားသည်။ သူလည်း ပခုံးတစ်ချက်သာတွန့်လိုက်ပြီး ထိုနေရာမှ အောက်ဆင်းခဲ့သည်။ သူအောက်ဆင်းလာပြီး ဦးကိုမီးဖိုချောင်ထဲတွင် စောင့်နေရန် ဝင်ထိုင်လိုက်သည်။
" ဘယ်သူ ဪ ဂျောင်ဂုဂီပဲ "
ဂျောင်ဂုဦးကိုစောင့်ရင်း ဖုန်းနှိပ်နေတုန်း အသံကြောင့် နောက်လှည့်ကြည့်မိသည်။
" မမဆယ်အွန်း "
" အင်း ဘာလုပ်နေတာလဲဒီမှာ ဂျူအွန်းဆီလာတာလားဂျူအွန်းကရော ဘယ်သွားလို့လဲ "
" မဟုတ်ဘူးမမ ဂျူအွန်းဆီလာတာတော့ဟုတ်တယ် ဒါပေမဲ့ ကျွန်တော်ကဒီမှာအိပ်တာ အပေါ်ထပ်ကဧည့်ခန်းမှာလေ အခုက ညစာစားမလို့ ဦးဂျင်ကိုစောင့်နေတာ "
" ဟယ် အခုထိမစားရသေးဘူးလား မပြင်ပေးရမလား ဒီအချိန် အိမ်အကူတွေတော့ နားနေပြီ "
မမဆယ်အွန်းက ပြောရင်း အနားရောက်လာတော့ သူအမြန်ပင် ငြင်းလိုက်ပြီး စကားလမ်းကြောင်းလွဲလိုက်သည်။
" ရတယ်မ ဦးဂျင်နဲ့စားမှာ မအပြင်ကပြန်လာတာလား "
" အင်း သူငယ်ချင်းမွေးနေ့ပွဲကလေ "
" ဟုတ် အစောကြီးရော မရောစားပြီးပြီလား "
" စားပြီးပြီဂျောင်ဂုဂီရဲ့ ဘယ်သူနဲ့ပြောနေတာလဲ "
ဂျောင်ဂုဖုန်းဆီလှမ်းကြည့်ပြီးမေးတော့ သူသူ့ဖုန်းသူ ပြန်ကြည့်မိသည်။ ဘယ်သူနဲ့ပြောလက်စမှန်းကို မသိရအောင် သူထဲစာဝင်ထားတာတွေက အများကြီးပင်။အခုတလော အဝင်ဆုံးက ရုံးကမမတွေဆီကပင်။သူဖုန်းကို အပေါ်အောက်နည်းနည်းဆွဲလိုက်ရင်း မမဆယ်အွန်းဘက် လှည့်ပြလိုက်သည်။
" လာပြောထားတာတွေကတော့ အများကြီးပဲ ဘာပြန်ပြောရမလဲမသိတော့ပါဘူးဗျာ "
" မင်းကအဲလောက်မရိုးပါဘူး ဘာလို့ဘာမှပြန်မပြောထားတာလဲ အကြိုက်မတွေ့လို့မလား "
" ဟင်းဟင်း ဟုတ်မယ်ထင်တာပဲ အခုနောက်ပိုင်း အဲဒါတွေက အာရုံနှောက်လာသလားလို့ "
" မလည်းအခုတလော အဲလိုဖြစ်နေတယ် လာကြိုက်တဲ့သူရှိပေမဲ့ တွဲဖို့ထိစိတ်မပါဘူးဖြစ်နေတာ လူတွေကကိုယ်မကြိုက်တဲ့သူဆို စကားပြောရမှာကို ပျင်းနေတာ ကိုယ်ကြိုက်တဲ့သူကြပြန်တော့လည်း စကားလာမပြောလို့ စိတ်တိုရနဲ့ ကိုယ်ကပဲ အကြောင်းမရှိအကြောင်းရှာ လိုက်ပြောနေရတာ "
" အဲလိုများလား.. "
ဂျောင်ဂုတစ်ချက်စဉ်းစားလိုက်သည်။ သူလည်း အဲလိုပဲလေ ဦးကိုဆိုရင် သူအကြောင်းမရှိအကြောင်းရှာ တွေ့ချင်နေသည်။ဦးအနားရောက်ရင် စကားမရှိစကားရှာ နေမိသည်။
" မင်းလည်း အဲလိုဖြစ်နေတယ်လား ဒါဆိုမင်းနဲ့မ,တော့ အဖြစ်ချင်းတူနေပြီ ဟားဟား မတို့ဒိတ်လို့ရလောက်တယ်နော့ "
သူဘာမှပြန်မဖြေမိ။ ပလေးဘွိုင်းတစ်ယောက်အနေနဲ့ ဒါကဘယ်လိုစကားလဲဆိုတာ ကောင်းကောင်းသိသည်။ပြီးတော့ မမဆယ်အွန်းကလည်း သူလို့ပလေးဂဲလ်ပဲဆိုတော့ အချင်းချင်းနားလည်ကြသည်။ သို့ပေမဲ့ သူကမိန်းကလေးဆို သိပ်အာရုံမလာတာမလို့ မမကိုပြုံးပြီးသာ ကြည့်နေမိသည်။ ဒိတ်သာလောက်က ခက်မှမခက်ခဲပဲကို။ မြွေမြွေချင်းခြေလိမ်လို့ရတယ်လေ။
" အဟမ်း.. "
" ဦး "
" ဒါဆို မ,သွားပြီဂျောင်ဂု နောက်မှတွေ့ကြတာပေါ့ဆက်သွယ်လိုက်မယ် "
" ဟုတ်မ "
ဆော့ဂျင်အောက်ဆင်းလာတော့ မီးဖိုချောင်ထဲတွင် ဂျောင်ဂုနဲ့ဆယ်အွန်းက နီးနီးကပ်ကပ်ပင် စကားပြောနေကြသည်။ သူအစက အသံမပေးဘဲနေအုံးမလို့ဘဲ ဒါပေမဲ့ ဒီထက်ပိုဘာမှမဖြစ်ခင် သူအသံပေးလိုက်ရတော့သည်။ ဂျွန်ဂျောင်ဂုက တကယ်မလွယ်ဘူးဘဲ။
" ဦး မြန်တယ်ရော "
" မင်းဘာတွေလုပ်နေတာလဲ "
" ထမင်းစားဖို့စောင့်နေတာလေ ဦးကို "
" ငါဘာပြောချင်လဲမင်းသိပါတယ် သူက မင်းသူငယ်ချင်းအစ်မအရင်းဆိုတာ သိတယ်မလား "
" သိတယ်လေ မမဆယ်အွန်း "
" ဂျွန်ဂျောင်ဂု "
" ဘာလဲဗျာ ဦးကဘာကိုပြောချင်တာလဲ ပွင့်ပွင့်လင်းလင်းပြောလေဗျာ "
" မင်းဘယ်လမ်းသွားချင်နေတာလဲငါသိလို့ သတိပေးနေတာ အပျော်ကစားချင်ရင်တောင် သူကမင်းသူငယ်ချင်းအစ်မဆိုတာ သတိပေးနေတာ "
" သတိပေးရအောင် ကျွန်တော်က,ကစားနေတာလားသူကလာကစားချင်တာလား မသိဘူးလား "
" ဘယ်သူက,ကစားကစား မင်းကိုအသိပေးနေတာ ဆင်ခြင်ဖို့ ဖြစ်ပြီးမှပြင်ဖို့ခက်နေမှာထက် မဖြစ်ခင်ကြိုတားနေတာ တခုခုလုပ်မယ်ဆို စဉ်းစဉ်းစားစားလုပ်ဖို့ ပြောနေတာ ကြားလား "
" ဦးရော ဦးရော စဉ်းစားခဲ့ဖူးလား "
" မမနိုအွန်းနဲ့လက်ထပ်ရမယ်ဆိုတုန်းကလေ အဲတုန်းက ဦးစဉ်းစားခဲ့ဖူးလား နောင်တရမယ်လို့ရော တွေးခဲ့ဖူးလား "
" အခုငါပြောနေတာနဲ့ ငါ့ကိစ္စနဲ့ ဘာမှမဆိုင်ဘူးဂျောင်ဂု ငါပြောတာက မင်းကိုသတိပေးရုံပဲ မင်းသိချင်တယ်ဆိုရင်လည်း ငါပြောလိုက်မယ် စဉ်းစားစရာမလိုလို့ မစဉ်းစားခဲ့ဖူးဘူး မလိုအပ်လို့လေ.. အခုထိ နောင်တတစ်ခါမှမရခဲ့သေးဘူး "
" ကျွန်တော်လည်းအဲလိုပဲ မလိုအပ်လို့ မစဉ်းစားတော့ဘူး နောင်တလည်းရနေမှာမဟုတ်ဘူး "
" ဂျွန်ဂျောင်ဂု မင်းဘာဖြစ်လို့ အရွဲ့တိုက်ချင်နေရတာလဲ ငါမင်းကိုမင်းအတွက်ရော မင်းနဲ့ရင်းနှီးတဲ့လူတွေအတွက်ရော ကြည့်ပေးဖို့ပြောနေတာ တခုခုလုပ်မယ်ဆိုရင်- "
ဂျောင်ဂု ဦးကိုထောင့်ကပ်စေပြီး ဦးနှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းတွေနဲ့ ထိကပ်လိုက်သည်။ သူဦးနှုတ်ခမ်းတွေကို ဖိကပ်လိုက်ပြီး မြန်မြန်ပင် အပေါ်အောက်လှုပ်ရှားကာ စုပ်နမ်းလိုက်သည်။ ထိုအခိုက် ဦးကိုယ်လေး တုန်ယင်သွားပြီး သူကိုယ်တိုင်လည်း သတိလက်လွတ် ဖြစ်သွားသည်။အနီးကပ်ရှ်ိနေတာကြောင့်ရော ရေချိုးပြီးခါစမလို့ရော ဦးကိုယ်သင်းနံ့က ချိုအီပြီး လတ်ဆတ်တဲ့အရသာကိုပေးသည်။ သူ့တစ်ကိုယ်လုံး သံလိုက်ဓာတ်ဆွဲအားလို ဦးနှင့် ပိုပိုတိုးကပ်သွားမိသည်။ ဦးက တကယ်ဆိုးတယ်မလား သူ့က သူသူ့ကိုကြိုက်နေတာ သိလျက်နဲ့တောင် တခြားတစ်ယောက်နဲ့အကြောင်းကို အကျယ်ချဲ့သတိပေးနေသည်။
" ကျွန်တော်ဘယ်သူ့ကိုကြိုက်နေတာလဲ ပြောပြဖို့လိုသေးလား ထပ်ပြီးအသိပေးဖို့လိုသေးလား "
ဦးကသူ့အပြုအမှုတွေအပေါ် ဘာမှမတုံ့ပြန်လာသေး။အနောက်ကအမှီကိုသာ ကိုင်ထားရင်း ငြိမ်ရပ်နေသည်။သေချာကြည့်လိုက်ရင် ဦးလက်ချောင်းလေးတွေ တုန်နေတာ မြင်ရမည်။ နမ်းတာလောက်နဲ့ ဦးကဒီလောက်တုံ့ပြန်တယ်... ဦးရဲ့အတွေ့အကြုံ့က တကယ်သုညပဲ။
" မင်းအခုဘာလုပ်လိုက်တာလဲရော သိရဲ့လား "
" သိတယ်လေ ဦးကိုနမ်းလိုက်တာ ကျွန်တော့်အတွက်လည်း စိတ်မပူနဲ့ မမဆယ်အွန်းအတွက်လည်း စိတ်ပူမနေနဲ့ ကျွန်တော်ကြိုက်တာဦးကို.. ဦးကိုပဲကြိုက်တာဦးကိုပဲစိတ်ဝင်စားတာ.. မသိသလိုလုပ်ပြီး လျှောက်ပြောမနေနဲ့ ဦးမသိတာလည်း မဟုတ်ဘဲနဲ့ "
" ဒါဆိုမင်းကရော မသိတာလား ငါ့မှာအိမ်ထောင်မရှိတာ မသိတာလား ကလေးရှိတာမသိတာလား မသိလို့လုပ်နေတာလား သိသိလျက်နဲ့မလား!!! "
" ကျွန်တော်ကစိတ်မဝင်စားတာ ကျွန်တော့်ကို ဦးပြန်ကြိုက်ဖို့ကလွဲရင် ဘာမှစိတ်မဝင်စားဘူး ဘာလို့ဆို ဦးက ဦးမိန်းမကိုလည်း မကြိုက်ဘူးလေ အဲဒါကျွန်တော်ကြိုးစားခွင့်ရှိတာပဲ မဟုတ်ဘူးလား ဦးပြန်ချစ်လာအောင် ကျွန်တော်လုပ်မှာ အဲအတွက်ကျွန်တော့်ကိုဘယ်အရာမှ တားဆီးလို့မရဘူး "
" ရူးနေတာပဲမင်းက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာ မင်းသိအောင်ငါပြောရရင် ငါကလည်း ကွာရှင်းဖို့အစီအစဉ်မရှိဘူး သိလား အဲလိုဆို မင်းကဘယ်လိုလုပ်မှာလဲ သူများအိမ်ထောင်ရေးကို ဝင်ဖျက်တဲ့သူဖြစ်လာမှာလား "
" ဟက် ဦးမကွာရှင်းချင်ရင်လည်း မမနိုအွန်းကိုကွာရှင်းချင်လာအောင် လုပ်မှာပေါ့ ကျွန်တော်ပြောပြီးသားကျွန်တော်ဘာကိုမှ ဂရုမစိုက်တာ ဦးပြန်ကြိုက်လာဖို့ကလွဲရင် ကျန်တာကျွန်တော်ဂရုမစိုက်ဘူးလို့ "
" အရူးနဲ့အချိန်ကုန်နေမိတာပဲ "
" ဦး ဘယ်သွားမှာလဲ ညစာရော "
ဦးထွက်သွားတော့မည်ကြောင့် သူလှမ်းမေးလိုက်ပေမဲ့ ဦးကသူ့ကိုတစ်ချက်ပင် ပြန်မကြည့်ဘဲ ထွက်သွားခဲ့သည်။စိတ်ဆိုးသွားမယ်ထင်ပေမဲ့ မတတ်နိုင်ဘူး။ ပြောသင့်တာကို ပြောရမည်ပင်။ သူတကယ်လည်း အခုချိန်မှာ ကင်မ်ဆော့ဂျင်ကလွဲရင် ကျန်တာ ခေါင်းထဲဘာမှမရှိသေး။ အခုလောလောဆယ် ကျွန်တော့်ခေါင်းထဲ ဦးကိုအရယူဖို့ပဲ အကြံတွေပြည့်နေတယ်လို့.. ဦးရဲ့။
_________TBC
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



