Fanfics

32

10:05, 18 August 2025

ပင်လယ်ဘက်က ပြန်လာပြီးကတည်းက သူတို့နှစ်ယောက်၏ဆက်ဆံရေးသည် ပို၍ရင်းနှီးကာ နွေးထွေးလာခဲ့သည် ။ လက်တွေ့ကျကျ အိမ်ထောင်သည်များကဲ့သို့ ဖြစ်လာခဲ့ပြီး phi Perth ၏ ပွေ့ဖက်ထိတွေ့မှုနှင့် အနမ်းများကိုလည်း အရင်ထက်ပို၍ ကျင့်သားရနေခဲ့ပြီဖြစ်သည် ။ အရင်တစ်ချိန်တွင် သူ့အခြေအနေကိုစောင့်ပြီး စည်းစောင့်ခဲ့တဲ့လူက သူကိုယ်တိုင်လက်ခံချိန်မှစ၍ အသားယူခြင်းကို ပုံမှန်ကဲ့သို့သာ ပြုလုပ်တတ်သည် ။ သူလည်း ထူးပြီးမငြင်းဆန်မိပါ ။ သူတို့ကလက်ထပ်ထားသောလူများဖြစ်သည့်အပြင် phi Perth နဲ့နီးနီးကပ်ကပ်နေရသည်ကို သူသဘောကျသည်လေ ။

ယခု၌ phi Perth သည် Company dinner တစ်ခုရှိ၍ အိမ်တွင် သူတစ်ယောက်သာ ကျန်ခဲ့သည် ။ လိုက်ခဲ့ရန်ခေါ်ပေမယ့် လိုက်ချင်စိတ်မရှိတာကြောင့် လိုက်မသွားခဲ့တာ ဖြစ်သည် ။ ဝရန်တာဘက် လျှောက်ထွက်ခဲ့ပြီး ဖုန်းcall တစ်ခုအား ခေါ်လိုက်၏ ။

" ဟယ်လို Ta "

တစ်ဖက်ကချက်ချင်းဖုန်းပြန်ဖြေတာမို့ အချိန်မဆွဲတော့ဘဲ သူသိချင်တာကိုသာ ချက်ချင်းမေးလိုက်၏ ။ ထိုအခါ အဖြေပေးလာသည့် စကားအား နားထောင်ပြီး သူသက်ပြင်းလေး ယေးယေးချလိုက်မိပြန်သည် ။ ပြီးနောက် ခဏလောက်ထပ်စဉ်းစားလိုက်ပြီး

" ကျွန်တော် ထပ်ကြိုးစားကြည့်ပါ့မယ် "

" အရမ်း စိတ်မလောပါနဲ့ ၊ ပုံမှန်လူတွေတောင် ခက်ခဲတာတွေ ရှိသေးတာပဲ ၊ နေထိုင်ရတာတော့ အဆင်ပြေတယ်မလား "

" ကျွန်တော် အားလုံးကောင်းပါတယ် phi "

" အင်း ဂရုစိုက်အုံး ၊ phi က အနီးကပ်စစ်ဆေးပေးတာမျိုးလုပ်လို့မရတော့ Ta ပြောတာကို အကြံပေးရုံပဲ တတ်နိုင်မှာ "

" အရမ်းစိတ်မပူပါနဲ့ တကယ်အဆင်ပြေပါတယ် ၊ ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်နော် "

" အင်းအင်း တစ်ခုခုဆို ချက်ချင်းဖုန်းဆက်နော် "

" ဟုတ်ကဲ့ "

ပြီးနောက် ဖုန်းပြောခြင်းသည် အဆုံးသတ်သွား၏ ။ အခြားလူမဟုတ်ပါ ။ phi Dunk ဖြစ်ပါသည် ။

ဝရန်တာမှတစ်ဆင့် အခန်းထဲသို့ ပြန်ဝင်လာလိုက်ကာ phi Perth မမြင်စေရန်သေချာသိမ်းထားသော ဆေးအချို့အားယူပြီး လက်ပေါ်တင်လိုက်သည် ။ ဆေးပမာဏက များ၏ ။ အရင်ကတည်းက ဆေးတွေနဲ့ရင်းနှီးခဲ့သူမို့ ယခုလိုသောက်ရမည်မှာ ခက်ခဲနေခြင်းမျိုးတော့ မရှိပါ ။ ပြီးကာမှ ရေချိုးခန်းထဲ ဝင်လာလိုက်ပြီး လက်ထဲတွင် ယူလာသော ဆေးထိုးအပ်ကလေးအား လက်မှတစ်ဆင့် အသားထဲသို့ထိုးသွင်းလိုက်သည် ။ အနည်းငယ်နာကျင်သွားပေမယ့် နှုတ်ခမ်းကိုဖိကိုက်ကာ အားတင်းလိုက်သည် ။ ပြီးနောက် ရေချိုးခန်းနံရံကိုမှီကာ ထိုင်ချလိုက်ပြီး မျက်လုံးစုံမှိတ်ကာဖြင့် ခေါင်းကိုမော့ထားမိသည် ။

မူးနောက်လာသည့်ခေါင်းကြောင့် သူခဏတော့ ငြိမ်နေမှရလိမ့်မည် ။ ဒီဆေးကို ခဏခဏထိုးသွင်းနေမှန်းသိရင် phi Dunk က သူ့ကို သေချာပေါက်ဆူမှာသေချာသည် ။ သို့သော်လည်း သူလုပ်ချင်သည် ။ အချိန်ဆွဲနေလျှင် ပိုပြီးများ အန္တရာယ်ဖြစ်နိုင်မလား ။ အကောင်းအဆိုးသည် ဝေတူမျှတူအခြေအနေတစ်ခုတွင် ရလဒ်တစ်ခုသေချာလာဖို့ သူအချိန်တွေကို ဆွဲမနေချင်ပါ ။ ပြီးကာမှ ဆေးထိုးအပ်နဲ့ဆေးခွံကို လက်စဖျောက်ရ၏ ။ phi Perth မြင်သွား၍လည်း မဖြစ်ချေ ။

ထို့နောက် အခန်းထဲသို့ ပြန်ရောက်လာခဲ့ပြီး မွေ့ရာထက်တွင် လှဲအိပ်လိုက်သည် ။ အနည်းငယ်နာချင်နေသော ဗိုက်ကိုဖိကာ သက်သာလာစေရန် ခွေခွေလေး မိန်းနေလိုက်သည် ။ သို့သော် တရစ်ရစ်တိုးကာ နာကျင်လာမှုသည် ခါးတစ်လျှောက်ကိုပါ ကိုက်ခဲလာစေ၏ ။ မျက်နှာကို ရှုံ့မဲ့လျက် ငြီးငြူမိသည်အထိ နာကျင်မှုဟာ လွန်ကဲလာရသည် ။ မွေ့ရာထက် ဟိုဘက်လိမ့် ဒီဘက်လိမ့်ဖြင့် ခြေထောက်တွေကိုလည်း ပိုပို၍ ကွေးထားမိသည် ။ အအေးဒဏ်ဟာလည်း ပို၍ကဲလာသည် ထင်မိတာကြောင့် စောင်ကိုလည်ပင်းအထိ ထွေးထားလိုက်သည် ။

ခဏတော့ အိပ်ပျော်မှဖြစ်လိမ့်မည် ။အိပ်ရာနိုးလာလျှင် ပျောက်သွားပေလိမ့်မည် ။

........

Perth အိမ်ပြန်ရောက်ချိန်တွင် ခါတိုင်းကဲ့သို့ စီးကြိုနေတတ်သူ၏ အရိပ်အယောင်အားမမြင်မိ ။ အချိန်အားဖြင့် ၉ နာရီသာရှိသေးသည်မို့ နောက်ကျသေးသည်ဟု မဆိုသာပေ ။ Tata က ဒီအချိန်အိပ်တတ်သူ မဟုတ်ပေ ။ ထို့ကြောင့် အိမ်ပေါ်ရှိအခန်းသို့သာ တောက်လျှောက်တက်လာခဲ့လိုက်သည် ။ အခန်းထဲရောက်ချိန်တွင်တော့ မွေ့ရာထက်တွင် စောင်ထဲလုံးနေအောင်အိပ်နေသော ခေါင်းလုံးလုံးလေးကို မြင်လိုက်ရတာမို့ အိပ်ပျော်နေတာဟု ထင်မှတ်လိုက်သည် ။

သို့သော် အနားသို့ကပ်သွားကာ စောင်အားဖယ်ကြည့်လိုက်ချိန်တွင်တော့ ရှုံ့မဲ့နေသော မျက်နှာလေးအားမြင်လိုက်ရသည်မို့ စိတ်ထဲထိတ်ပြာသွားသည် ။

" Tata ! ... ဘာဖြစ်လို့လဲ ၊ နေမကောင်းလို့လား ကလေး "

ထိုအခါ သူ့အားဖွင့်ကြည့်လာသော မျက်ဝန်းတို့သည် အင်အားလျော့နည်းနေ၏ ။ ထို့ကြောင့် စောင်အားဖယ်ခွါလိုက်တော့ ကွေးနေအောင်အိပ်နေသော ခန္ဓာကိုယ်လေးနဲ့ ဗိုက်ပေါ်ဖိတင်ထားသည် လက်ချောင်းသွယ်သွယ်လေးများကြောင့် ကိုယ်ငယ်လေးအားဆွဲယူကာ ပွေ့ဖက်လိုက်သည် ။

" ဗိုက်ထပ်နာလို့လား "

ထိုသို့မေးတော့ ခေါင်းငြိမ့်ကာ ရင်ခွင်ထဲတိုးဝင်လာသည့် ချစ်ရသူကြောင့် သူ့စိုးရိမ်မှုဟာ မြင့်တက်လာသည် ။ သူ့လက်တို့ဖြင့် ချစ်ရသူ၏ဗိုက်ကလေးအားပွတ်သတ်ကာချော့မြူတော့ ရင်ခွင်ထဲကနေ မျက်ရည်လေးများရစ်သိုင်း၍ မော့ကြည့်သည် ။

" ခဏခဏ ဗိုက်နာနေတာ ကိုယ်တို့ဆေးရုံထပ်သွားရအောင် "

" ဟင့်အင်း! မေမေတို့နဲ့သွားပြီးပြီ "

ချက်ချင်းငြင်းလိုက်သည့်ကောင်ငယ်လေးကြောင့် Perth စိတ်ထဲအလိုမကျမိပါ ။ တစ်ခုခုကြီးကြီးမားမားဖြစ်မှာကို စိုးရိမ်သည် ။ မကြာခဏဗိုက်နာနေတာ တွေ့ရတတ်ပြီး ထိုသို့နာချိန်များတွင် ဒီကလေးမလှုပ်ရှားနိုင်တော့ပဲ ကွေးကွေးလေးငြိမ်နေရခြင်းကို လုံးဝစိတ်မသက်သာလှပေ ။

" အခုက သက်မှမသက်သာတာ "

" သက်သာသွားမှာပါ ၊ ဆေးမကုန်သေးဘူးလေ "

" Tata .... "

" မသွားဘူးနော် ကျွန်တော်ဆေးသောက်ထားတယ် "

ပြောပြီးသည်နှင့် လည်တိုင်အားတွယ်ဖက်လာသည့် လက်ကလေးနှင့် ရင်ဘတ်ပေါ်ခေါင်းမှီတင်လိုက်တာကြောင့် Perth သက်ပြင်းကိုသာ ချလိုက်မိတော့သည် ။ ပြီးနောက် ဗိုက်ကလေးကိုသာ ခပ်ဖွဖွပွတ်ပေးနေလိုက်တော့ ရင်ခွင်ထဲက ပေါက်စလေးက ငြိမ်ကျသွားသည် ။

ခဏကြာပြီးချိန်တွင်တော့ ရင်ခွင်ထဲမှ အနည်းငယ်လွန့်လူးလာကာ မော့ကြည့်လာတာမို့ ပြန်ငုံ့ကြည့်လိုက်သည် ။ အကြည့်ချင်းဆုံသွားသည်နှင့် လည်တိုင်ပေါ်ရှိလက်ကလေးများသည် Perth မျက်နှာထက်နေရာယူလာခဲ့ပြီး ထိုလက်ကလေးများက မသိမသာဆွဲယူလာတာမို့ အလိုက်သင့်ငုံ့ပေးလိုက်တော့ သူ၍နှုတ်ခမ်းသားတို့အား နူးညံ့သော အထိအတွေ့က လာရောက်ထိစပ်၏ ။ သို့နှင့်အတူ ခပ်ဖွဖွစုပ်ယူများနှင့် အနမ်းတို့ဟာ ညှင်သာ၏ ။ ကြမ်းရမ်းချင်စိတ်မရှိကြဘဲ ချိုသာစွာဖြင့်သာ သဲ့ယူချင်သည် ။ ဗိုက်ပေါ်ရှိ လက်သည်လည်း ပွတ်သတ်ချော့မြူခြင်းကို မရပ်ပေးခဲ့ပါ ။ နာကျင်မှုလျော့နည်းဖို့သာ အာရုံလွှဲခြင်းဖြစ်သည် ။

" phi ... "

" သက်သာရဲ့လား "

" ဒီည ကျွန်တော်တို့ .... နေရအောင် "

ကြားလိုက်ရသည့် စကားသံတိုးဖွဖွကြောင့် Perth အနည်းငယ်ပြုံးလိုက်သည် ။ Tata က ထင်ထားသည်ထက် ထိုနေရာတွင်ပိုပွင့်လင်းသည်ဟုထင်မိ၏ ။ သူလိုချင်ရင်လည်း မငြိုမငြင်ပေးတတ်ပြီး Tata က လိုချင်ခဲ့လျှင်လည်း မရှက်ဘဲ တောင်းဆိုတတ်သည် ။ ဒါသည် သူတို့ကြားတွင် တစ်ဆင့်တက်ခဲ့သော ရင်းနှီးမှုပေမို့ Perth သဘောကျ၏ ။

" မင်းဗိုက်နာနေတယ် မဟုတ်ဘူးလား ကလေးရဲ့ "

" အရင်တစ်ခါက အဲ့လိုနဲ့ သက်သာသွားတယ်လေ "

ဒီလိုဆိုတော့ ဘယ်လိုယောက်ျားကများ ငြင်းဆိုမှာလဲ ။ ပြီးတော့ Santa Pongsapak ဆိုတာက သူအမြဲထိချင် တွေ့ချင် ချစ်ချင်နေတဲ့ ချစ်ရသူလေးလေ ။ ဗိုက်နာတာ သက်သာစေဖို့လည်း အကူအညီရတယ်ဆိုရင် သူလုပ်ကိုလုပ်ပေးရမှာပေါ့ ။

" ကိုယ် .... "

" .... "

" ရပ်မပေးဘူးနော် "

ထိုအခါ ရဲခနဲဖြစ်သွားသည့် မျက်နှာလေးသည် သိသိသာသာ အကြည့်လွှဲသွား၏ ။ ပြီးနောက် ကြားလိုက်ရသည့် တိုးဖွလွန်းသည့် အသံလေးသည် Perth စိတ်ကို လာရောက်ရိုက်ခတ်ကာ လှုံ့ဆော်တော့သည် ။

" အင်း ... "

-----

စိမ်းသက်မနေသော Company ထဲသို့ခြေချလိုက်သည်နှင့် Santa အားမှတ်မိနေသော ဝန်ထမ်းအချို့က နှုတ်ဆက်ကြသည်မို့ အလိုက်သင့်ခေါင်းငြိမ့်ပြကာ အလွတ်မှတ်မိနေသော ရုံးခန်းရှိရာဆီသို့ ဦးတည်လိုက်သည် ။ လက်ထဲတွင်ပါလာသော လက်ဆွဲခြင်းငယ်လေးကိုလည်း တစ်ချက်ငုံ့ကြည့်ကာ သူပြုံးလိုက်သေးသည် ။

အခြားတော့မဟုတ် ။ Santa က အလုပ်နားထားတာမို့ အိမ်မှာအားနေသူဖြစ်၏ ။ ထို့ကြောင့် ခင်ပွန်းဖြစ်သူစားဖို့ရန် နေ့လယ်စာကို ကိုယ်တိုင်ချက်ပြုတ်ပြီးယူလာခြင်းဖြစ်သည် ။ Company ရှေ့ရောက်သည်အထိတော့ သူတွေဝေနေခဲ့သေးသည် ။ သူ့ပုံစံသည် ခင်ပွန်းဖြစ်သူကို ထမင်းလာပို့သည့် ဇနီးသည်နှင့်တူနေသည်မလား ။ သို့သော် သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်၏ ။ phi Perth ကလည်း သူအခုလို လာပို့ခြင်းကို သဘောကျနှစ်ခြိုက်ပါ့မလား သူမပြောတတ်ပါ ။ ထိုအချင်းအရာသည်လည်း သူ့ကိုစိတ်လှုပ်ရှားစေသည် ။

သို့သော် Company ထဲဝင်လိုက်ချိန်တွေတော့ သူ့ခြေလှမ်းတွေ ပေါ့ပါးသွားသည် ။ အခုသူ့ကို လူတိုင်းနီးပါးက phi Perthရဲ့တရားဝင်ခင်ပွန်းဆိုတာ သိကြမှာပဲလေ ။ ဒီတော့ နည်းနည်းပါးပါး ကိုယ်ထင်လာပြထားခြင်းသည်လည်း ကောင်းသည် မဟုတ်လား ။ ပိုင်ကြောင်းဆိုင်ကြောင်းကို ပြချင်သည့် အတွင်းစိတ်လားတော့ သူမပြောတတ်ပါ ။

phi Perth ၏ ရုံးခန်းရှိရာဆီသို့ တန်းနေအောင်လာခဲ့လိုက်ပေမယ့် မှန်နံရံများအတွင်းမှ လူနှစ်ယောက်အား မြင်လိုက်ရချိန်တွင်တော့ ခုဏကသူ့အတွေးအားလုံး ပျောက်ရှကုန်သည် ။ မျက်မှောင်ကို စုကျုံ့လိုက်ပြီး ခြင်းတောင်းကို တင်းနေအောင်ဆုပ်ကိုင်လိုက်မိ၏ ။

ဘာကြောင့် ဒီယောက်ျားကဒီလောက် ပြုံးပျော်နေတာတဲ့လဲ ။ရှေ့က မိန်းကလေးကရော ဘယ်သူလဲ ။

သူအချိန်ကြာကြာရပ်နေသော်လည်း စကားပြောမပြီးနိုင်သည့် နှစ်ယောက်သည် ပိုပို၍ပြုံးပျော်လာသည်ဟု ထင်မိသည် ။ သူရပ်နေသော နေရာသည် အတွင်းဘက်ရုံးခန်းမှ သတိထားမိဖို့လွယ်သော်လည်း သူ၏ခင်ပွန်းက သေးသေးလေးမျှ သတိထားမိပုံမပေါ်ပါ ။ တစ်ချက်တစ်ချက် ခင်ပွန်းဖြစ်သူ၏ပုခုံးအား သွားသွားရိုက်တတ်သော အမျိုးသမီး၏လက်ကိုလည်း သူမကြိုက် ။ သူ၏ စိတ်အလိုမကျခြင်း ၊ ဒေါသထွက်ခြင်းနှင့်အတူ ဝမ်းနည်းရိပ်ကာလည်း ထပ်တူတိုးတက်လာသည် ။ တစ်ပြိုင်နက်ဆိုသလို ထိုရုံးခန်းထဲဝင်သွားလိုက်ချင်ပေမယ့် အခုချက်ချင်းလည်း လှည့်ပြန်ချင်နေသည် ။ ချက်ပြုတ်လာခဲ့သော ထမင်းနဲ့ဟင်းကိုလည်း မစားစေချင်တော့ပါ ။ ခေါင်းကို ငုံ့ချလိုက်တော့ အနာဂတ်ပလာစတာကပ်ထားသော သူ့လက်ညှိုးအား မြင်ချိန်တွင် သူ့စိတ်တွေက တစ်သားမှတ်ထဲဖြစ်ကုန်၏ ။

အိမ်ပြန်မယ် ။

နေရာမှ ချက်ချင်းလှည့်ထွက်လိုက်တော့ သူ့ခြေလှမ်းတွေသည် သေချာပေါက် ဒေါသတကြီးဖြစ်နေခဲ့ပြန်သည် ။ ဝမ်းလည်း မနည်းတော့ပါ ။ မိုးမမြင်လေမမြင် ပျော်ရွှင်နေသူ၏ မျက်နှာကိုသာ ပြန်မြင်လာပြီး ဒေါသထွက်၏ ။

ခင်ပွန်းဖြစ်သူက သူ့ကွယ်ရာမှ ဖောက်ပြန်နေသည်လား ။

ဒါပေမယ့် ဒါက သူအထင်လွဲတာလည်း ဖြစ်နိုင်၏ ။

သို့သော် မကြိုက် ။ ဘာကြောင့် အမျိုးသမီးတစ်ဦးနဲ့နီးကပ်နေသနည်း ။

လုပ်ငန်း ပါတနာလည်း ဖြစ်နိုင်၏ ။

မဟုတ်သေး ။ phi Perth ရဲ့ ရည်းစားဦးက မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တယ်မလား ။

အို ဘာပဲဖြစ်ဖြစ် ။ သူလာမှာကို မသိဘူးတဲ့လား ။

ဒါပေမယ့် သူက အသိပေးပြီးသွားတာ မဟုတ်ပြန်ဘူး ။

တကယ်များ အဲ့ဒီအမျိုးသမီးနဲ့ ....

တွေးရင်း ဝမ်းနည်းလာခဲ့ရပြန်သည် ။

သို့သော် ချက်ချင်းဆိုသလို ဝမ်းနည်းစိတ်က ပျောက်သွားပြန်၏ ။ ဘာလို့ ဝမ်းနည်းရမှာလဲ တကယ်သာ အဲ့ဒီလိုဆိုရင် Pongsapak နဲ့ တွေ့သွားမှာပေါ့ ။

" phi Santa.... ! "

နာမည်ခေါ်သံကြောင့် လမ်းလျှောက်နေတာ ရပ်ပြီး မော့ကြည့်လိုက်သည် ။ စိတ်အလိုမကျစွာမော့ကြည့်တာမို့ ရှေ့ကလူက အနည်းကယ်လန့်သွားပုံရသည် ။ သူက phi Perth ရဲ့ လက်ထောက်ကောင်လေး ။

" ဘောစိဆီလာတာလားဗျ "

ဘာကြောင့်ရယ်မသိ ။ ပုံမှန်ဆို ပြဿနာတစ်ခုခုဆို ဘေးလူကို မမဲတတ်ပေမယ့် အခု ရှေ့ကလူကိုပါ ပြန်မဖြေချင် ။ မတည့်ဖြစ်နေမိသည် ။

" အာ .... အခုပြန်တော့မလို့လားဗျ "

" .... "

" ဟို ... ခြင်းထဲက ဘာတွေလဲဟင် ၊ ဘောစိအတွက် နေ့လယ်စာ လာပို့တာလား ၊ phi Santa က အရမ်းချစ်တတ်တာပဲ "

ပြီတီတီပြောနေပေမယ့် ရှေ့က ဘောစိရဲ့ချစ်သက်လျာလေးက ခပ်စူးစူးစိုက်ကြည့်လာတာမို့ တံတွေးပင်မြိုချလိုက်မိသည် ။ ပုံမှန်ဆိုရင် phi Santa က ဒီလိုမဟုတ်ပါဘူး ။ ဘောစိနဲ့ရန်ဖြစ်လာတာလား ။

" ဒါဆို ကျွန်တော် သွားလိုက်ပါအုံးမယ်နော် "

နှုတ်ဆက်လိုက်တော့ သူ့ထက်အရင်ပင် ထွက်သွားသည့် ဘောစိ၏ချစ်သက်လျာကြောင့် ခေါင်းကုတ်၍သာကျန်ခဲ့တော့သည် ။ ခဏနေမှ ဘောစိရုံးခန်းရှိရာဆီ လျှောက်လာလိုက်ပြီး အခြေအနေကို သိသလို ခံစားလိုက်ရတော့၏ ။ ထို့ကြောင့် ခပ်မြန်မြန်ပင် ရုံးခန်းထဲဝင်သွားလိုက်ပြီး ဘောစိအား အကျိုးအကြောင်း ပြောပြဖို့ပြင်ရ၏ ။

ထိုစဉ်

* ဝုန်း!! *

ခြင်းတောင်းထဲရှိ ထမင်းဗူးလေးများသည် ရုံးခန်းရှိစားပွဲဖြင့်တိုက်ကာ ကြမ်းပြင်ပေါ်တွင် ပွကြဲကုန်၏ ။

" Tata !! "

" ဘောစိရဲ့ချစ်သက်လျာ ! "

ဝရုန်းသုန်းကားအခြေအနေကြောင့် အားလုံးကြောင်အသွားချိန်တွင် Perth ၏ မျက်နှာပေါ်သို့ဝင်လာသည့် လက်သီးဆုပ်လေး ။ အားပါပါအထိုးခံလိုက်ရတာမို့ ရုတ်ချည်းမတုံ့ပြန်နိုင် ။ သူသိလိုက်တာ သူ့ယောက်ျားလေးက သူ့ကိုထိုးသွားတယ် ။

အသိပြန်ကပ်လာချိန်တွင် Santa က ရုံးခန်းထဲတွင်မရှိတော့ပါ ။ အခြေအနေကိုလည်း မစဉ်းစားနိုင် ။ ပါးစောင်းအား လက်ဖြင့်ပွတ်ကာ ထွက်သွားတဲ့ခင်ပွန်းဖြစ်သူလေးနောက် အမြန်လိုက်ရ၏ ။ အတော်မြန်တဲ့ ခြေလှမ်းလေးများသည် ပုံမှန်ထက် သွက်လက်နေ၏ ။ ထို့ကြောင့် လက်ကနေဆွဲလိုက်တော့ တင်းမာလွန်းသည့် မျက်နှာလေးနဲ့ စူးရဲနေတဲ့အကြည့် ။ ဒေါသတွေကို သိသိသာသာကို ခံစား၍ရနေသည် ။ ဘာကို ဒေါသထွက်သွားမှန်းတော့ Perth လည်း မသိပါ ။ ပြီးတော့ တစ်ခါမှ ဒီလိုအခြေအနေမကြုံဖူးဘူး ။ Tata က ဒီလိုဒေါသထွက်ပြီး ဝုန်းဒိုင်းကျဲတတ်သူ မဟုတ်ပေ ။

" ဖယ် ! လွှတ် "

" ဘာဖြစ်နေတာလဲ ! ကိုယ်လည်း ဘာမှမသိရဘူး "

" မထိနဲ့ ! လွှတ်လို့ပြောနေတယ်နော် "

" Tata !! "

သူအော်လိုက်တော့ ရုန်းနေရာမှ ငြိမ်ကျသွား၏ ။ သို့သော် တွန့်ချိုးနေတဲ့ မျက်ခုံးများဖြင့် ကြည့်လာသည် ။ ဘေးပတ်ဝန်းကျင်တွင် ဝန်ထမ်းတွေလည်း ကြည့်နေကြတာမို့ အရင်ဆုံး လက်မှဆွဲကာ လူရှင်းသည့်နေရာသို့ ခေါ်လာလိုက်သည် ။ အဲ့ကျမှ လွတ်ပေးလိုက်တော့ စူးခနဲတစ်ချက်ကြည့်ပြီး မျက်လွှာချသွား၏ ။

" ဘယ်အချိန်ကရောက်နေတာလဲ "

" ဘယ်အချိန်ကရောက်ရောက် ခင်ဗျားအရေးလား "

" Tata ! ဘာဖြစ်နေတာလဲ ၊ ရောက်ရောက်ချင်းလည်း ကိုယ့်ကိုထိုးတယ် "

ထိုအခါ ဒိုင်းခနဲဝင်လာပြန်သည့် အကြည့်နဲ့အတူ ဒေါသထွက်နေသည့် ပုံလေးကြောင့် Perth တကယ်ခေါင်းခြောက်လာသည် ။ သူဘာအမှားလုပ်မိလိုက်သလဲ တကယ်မသိပါ ။

" ကိုယ်မေးမယ် ဘာဖြစ်လာတာလဲ ၊ အချစ်မကြိုက်တာ ကိုယ်ဘာလုပ်မိလဲ "

" ..... "

" စိတ်ကို အရင်လျော့လိုက် ၊ ထိုးချင်ရင်လည်း ထပ်ထိုးလို့ရတယ် ဒါပေမယ့် အကြောင်းအရင်းကို ကိုယ်သိအောင်တော့ ပြောရမယ်လေ "

ဘာမှ ပြန်မပြောပါ ။ အဲ့ဒီအစားတင်းနေအောင် ဆုပ်လိုက်တဲ့လက်သီးလေးကြောင့် ပါးတစ်ဖက်က သူ့အလိုလိုကြိမ်းသွားသည် ။ ထို့ကြောင့် ထိုလက်သီးဆုပ်အားဆွဲကာ အနားသို့ဆွဲယူလိုက်တော့ အကြည့်ကိုသိသိသာသာ လွှဲချကာ ရုန်း၏ ။ ခုဏကလို ဒေါသထွက်နေခြင်းမဟုတ်တော့ပဲ မျက်နှာလေးက ဆူပုတ်ပုတ်လေး ဖြစ်နေပြန်သည် ။

" ကိုယ့်ကို ထမင်းလာပို့တာလား "

ဒါကိုတော့ Perth သိလိုက်သည် ။ ဘာလို့ဆို ခွဲချခံလိုက်ရတဲ့ထမင်းဗူးတွေကြောင့်ပင် ။

" ဘာလို့ ရိုက်ခွဲတာလဲ ၊ ကိုယ့်အတွက်လာပို့တာ မဟုတ်ဘူးလား "

ထိုအခါ ရုန်းနေခြင်းမှ ချက်ချင်းရပ်သွား၏ ။ မျက်နှာကိုတော့ လွှဲထားဆဲဖြစ်ပြီး ဆူပုတ်ပုတ်မျက်နှာလေးက အနည်းငယ် မဲ့ကျလာသလို ထင်မိသည် ။

ဟင် ... ရုတ်တရက်ကြီး ဝမ်းနည်းသွားတာလား ။

" Tata ... ကလေး ကိုယ့်ကိုကြည့် "

မျက်နှာလေးအား ဆွဲယူကာ ကြည့်စေတော့ မျက်ရည်တွေက သိသိသာသာရစ်ဝိုင်းနေပြန်သည် ။ ထိုမျက်ဝန်းအိမ်ကလေးများသည် ဝမ်းနည်းနေမှုကိုသိသိသာသာဖော်ပြနေခဲ့ပြီး ခုဏက ဒေါသတကြီးသူ့ကို ထိုးခဲ့တဲ့ Santa Pongsapak က ရှာမတွေ့တော့ပေ ။ ထိုစဉ်မှာပင် မျက်ရည်ဥလေးတွေဟာ ပိုးပိုးပေါက်ပေါက်ဖြင့် မျက်တောင်ရှည်ရှည်လေးတွေအား ဖြတ်သန်းကာ ကျဆင်းလာကြပြန်သည်မို့ Perth စိတ်တွေ ပြာဝေကုန်သည် ။ ဒီအစား ခုဏကလို အထိုးခံရတာမှ ကောင်းအုံးမယ် ။

" ဘာလို့ ငိုတာလဲ ၊ မငိုနဲ့လေ Tata ရဲ့ "

သူ့လက်ခုံနဲ့သူ ဖိပွတ်ကာ သုတ်နေပြန်တာမို့ လက်ကလေးကို ဆွဲဖယ်လိုက်ချိန် လက်ညှိုးပေါ်က ပလာစတာလေးကို မြင်လိုက်တာမို့ စိတ်ထဲထိတ်ပြာသွားသည် ။

" လက်က ဘာဖြစ်တာလဲ "

ထိုအခါ ဆတ်ခနဲဆွဲယူလိုက်သည့် ကောင်လေးကြောင့် ခါးသိမ်သိမ်လေးအား ဆွဲကာ အနားသို့ နီးကပ်စေလိုက်သည် ။

" Tata .... "

" ဓား... ဓားရှတာ "

ခက်ချေပြီ ။ ဒီတိုင်းထားတာတောင် ဒီရက်ပိုင်း နေမကောင်းဖြစ်ကာ ခဏခဏချူချာနေလို့ ဘာဆိုဘာမှမလုပ်စေခဲ့တာကို အခုက ဓားတောင်ရှလာသည်တဲ့ ။ ဘာမှ မတတ်နိုင်တော့တာမို့ သက်ပြင်းကိုသာ အသာချလိုက်ပြီး တရှုံ့ရှုံ့ငိုနေတဲ့ ရှေ့ကပေါက်စလေးကိုသာ ကြည့်နေလိုက်တော့သည် ။ သူကြည့်နေတော့ ငိုနေသူက မျက်စောင်းလှမ်းခဲလာပြန်သည် ။

" ဖယ် ! လွှတ်ပေးတော့ အိမ်ပြန်မှာ "

" မပြန်နဲ့ ၊ စိတ်မချဘူး ကိုယ်နဲ့ညနေထိ ဒီမှာနေ "

" မနေဘူး ၊ ဖယ် ဖယ် "

ခါးပေါ်က လက်ကိုပါ ရိုက်ပုတ်၍ပြောလာသူသည် ဒေါသရိပ်တွေ ပြန်ပေါ်လာပြန်သည် ။

" ဖယ်လို့ !! အဲ့မိန်းမကိုပဲ ခေါ်ထားလိုက် ကျွန်တော့်ကို လွှတ် "

" ဟင် ! .... "

" အိမ်ပြန်မှာလို့ ! "

Perth ခဏသာ တွေဝေသွားပြီးမှ အကြောင်းအရင်းကို သိသွားတော့သည် ။ Jayssi နဲ့ သူ့ကို မြင်သွားပြီး အထင်လွဲသွားပုံရပါသည် ။

" Jayssi က ကိုယ့်သူငယ်ချင်း "

" မသိဘူး ၊ ဖယ်လို့ မဖက်နဲ့!! "

ခါးပေါ်က လက်တွေကို ပို၍တင်းကျပ်စွာ ဖက်ယူလိုက်သည် ။

" သူ့ wedding ဖိတ်စာ လာဖိတ်တာ သူ့ သတို့သားလည်း ပါတယ် ၊ toilet ခဏသွားနေတာ "

ထိုအခါမှ မျက်လုံးဝိုင်းလေးတွေဖြင့် ငြိမ်ကာမော့ကြည့်လာသည် ။ နှုတ်ခမ်းလေးကတော့ ဆူပုတ်နေတုန်း ။

" ကိုယ့်ကိုယုံပါ ၊ ကိုယ့်မှာ မင်းတစ်ယောက်ပဲရှိတာ "

" ဟင့်အင်း "

" Tata .... "

" ပုခုံးကို ... ဘာလို့ ရိုက်တာလဲ "

Perth ခပ်ဖွဖွရယ်မိသည် ။ တကယ်တော့ သူ့ခင်ပွန်းလေးက သဝန်တိုနေတာ ။ သဝန်တိုချက်ကတော့ အတော်ဆိုးပါသည် ။ လက်သီးနဲ့ထိုးသည်တဲ့ ။ ဒေါသအိုးလေး ဒီလောက်ဒေါသထွက်တာ အခုမှသာ မြင်ဖူး၏ ။

" သူကအဲ့လိုပဲ ၊ လက်ပါတတ်တာ အကျင့်ဖြစ်နေတာ ၊ သူ့အနားမှာ ဘယ်သူနေနေ အရိုက်ခံရမှာပဲ "

" သေချာလား "

" ကိုယ်မလိမ်ဘူး "

" ဒါဆို ဘာလို့ရယ်နေတာလဲ "

" ကျောင်းတုန်က အကြောင်းနည်းနည်းပြောမိလို့ Tata ရဲ့ "

" အင်း "

" အင်းက ဘာလဲ ၊ စိတ်ဆိုးပြေတာလား "

ထိုအခါ မျက်ဝန်းဝိုင်းလေးက တွန့်ချိုးလုနီးနီးဖြစ်သွားတာမို့ နှုတ်ခမ်းထောင့်နေရာလေးအား ငုံ့နမ်းလိုက်သည် ။

*ပြွတ်စ်!*

ရုတ်တရက်တရက်ဆိုတော့ မျက်လုံးလေးက ပြန်ဝိုင်းသွားပြီး တကယ်ချစ်စရာလေးဖြစ်သွားသည်မို့ သဘောတကျပြုံးမိလိုက်ပြန်သည် ။

ထိုးခံရတာလည်း တန်၏ ။

" လာ ကိုယ် Jayssi တို့နဲ့ မိတ်ဆက်ပေးမယ် ၊ သူက ကိုယ့်တို့ wedding တုန်းက နိုင်ငံခြားရောက်နေလို့ Tata မတွေ့ဖူးတာ ၊ ပြန်ရောက်တာလည်း မကြာသေးဘူး "

ပြီးနောက် ကောင်ငယ်လေးအား ချော့ခေါ်ကာ Jayssi တို့နဲ့ မိတ်ဆက်ပေးမှ အဆိုးလေးက စိတ်ဆိုးပြေသည် ။ ပွကြဲသွားတဲ့ ထမင်းဗူးတွေကိုတော့ Perth ရဲ့ လက်ထောက်က ရှင်းပြီးနေပြီ ။ ထို့ကြောင့် ထိုနေ့က နေ့လယ်စာက အပြင်မှာသာ အတူတူထွက်စားရတော့သည် ။

တကယ်ပါ ခုတလော Santa ကစိတ်ဆိုး စိတ်ကောက် စိတ်မကြည်လည်း တအားလုပ်နေတာ ။ ချစ်စရာကောင်းလို့ သေတော့မှာပဲ ။

-----

" ရလား ကိုယ်ဘာလုပ်ပေးရမလဲ "

" ဟင့်အင်း ရမှာပါ "

တစ်မနက်လုံး နေရခက်နေသည်မို့ အခုထိ အလုပ်မသွားနိုင်သူလည်း Santa နားတွင် ပြာယာခတ်နေသည် ။ ထမင်းစားပွဲတွင် ထိုင်ကာရှေ့ရှိ ကြက်ပေါင်းအား ဇွန်ဖြင့်ခပ်ကာ ယူလိုက်သည် ။ ပထမတစ်ဇွန်း ၊ ဒုတိယတစ်ဇွန်း ၊ တတိယတစ်ခွန်း သောက်လို့ အဆင်ပြေနေ၏ ။

ထိုအခါမှ ရှေ့ကခင်ပွန်းဖြစ်သူက သက်ပြင်းချကာ သူ့ဆံပင်တွေကို လက်နဲ့ထိုးဖွရင်း စိုးရိမ်နေသော မျက်ဝန်းများဖြင့် ကြည့်သည် ။

" ကိုယ့်ကလေးလေးက ချူချာလိုက်တာကွာ ၊ ဖြစ်နိုင်ရင် ကိုယ်ပဲ အကုန်ယူလိုက်ချင်တယ် "

" သက်သာနေပါပြီ "

" အင်း တစ်ပန်ကန်တော့ကုန်အောင်စားနော် Tata ၊ အားရှိအောင်လို့ ဒီရက်ပိုင်း တအားပိန်သွားတယ် ၊ မျက်နှာလေးပါ ချောင်ကျသွားသလိုပဲ "

တကယ်လည်း သူ့ကလေးလေးက တစ်ရှူရှူတစ်ရှောင်ရှောင် ဖြစ်ဖြစ်နေကာ ဘာမှသိပ်မစားတာမို့ မျက်နှာလေးက ချောင်ကျချင်နေပြီ ။ မျက်ဝန်းဝိုင်းဝိုင်းလေးများသာ ပကတိအတိုင်းကျန်တော့သလား တွေးမိသည်အထိ ။

" အလုပ်မသွားတော့ဘူးလား "

" မသွားတော့ဘူး ကိုယ်မင်းကို စိတ်ချဘူး "

" ခဏခဏ အလုပ်ပျက်နေပြီ "

" အလုပ်ရှင်က ကိုယ့်အဖေပါ ၊ သူ့သားမက်နေမကောင်းမှန်းသိလို့ အလုပ်မလာပဲ ကလေးနားမှာပဲနေတောင် ပြောနေတာ "

" အင်း "

ပြီးနောက် အသံတိတ်သွားကာ အိစိအိစိဖြင့် ဖြူလျော့လျော့ လူမမာစာကြက်ပေါင်းကို ဇွန်းဖြင့်သေးသေးချင်းခပ်သောက်နေသူလေးအား ဘေးကနေ ရေအသင့်ခပ်ပေးလိုက် သစ်ရှူးလေးချပေးလိုက်နဲ့ Perth အလုပ်ရှုပ်နေတော့သည် ။

သို့သော် တစ်ဝက်လောက်ကုန်ချိန်တွင်တော့ ကောင်ငယ်လေးဟာ စားနေရာမှထကာ ရေစင်သို့ပြေးလေသည် ။

" Tata ! ထပ်ဖြစ်ပြန်ပြီလား "

အနားသို့ပြေးသွားကာ ပုခုံးလေးအားထိန်းကိုင်တော့ သူ့လက်တွေကို အားယူကာ မှီချလိုက်သူက မောပန်းနေသယောင်ရှိသည် ။ဘာစားစား စားမဝင်ဖြစ်ကာ အန်ချင်နေသည်တဲ့ ။

ခုဏကလည်း အစားတစ်မျိုးပြီးတစ်မျိုးလုပ်ပေးကာ ချော့ကျွေးနေခြင်းဖြစ်ပြီး ကြက်ပေါင်းကျမှ နည်းနည်းစားဝင်ခြင်းဖြစ်သည် ။

" အပေါ်တက်ပြီး နားတော့မလား "

ခေါင်းငြိမ့်ပြလာတာမို့ ကောင်ငယ်လေးအား ပွေ့ယူလိုက်ကာ အခန်းထဲရောက်တဲ့အထိ ခေါ်လာခဲ့လိုက်သည် ။ သူ့လည်တိုင်တွေကိုပင် မတွယ်ချိတ်နိုင်တော့သူက ရင်ခွင်ထဲမှာသာ မှီလျက်လိုက်လာ၏ ။ မျက်လုံးတွေပါ မှိတ်ချထားတာမို့ ကုတင်ပေါ်အသာတင်ပေးပြီး သူကိုယ်တိုင်ပါ ဝင်လှဲလိုက်သည် ။ ထိုအခါ ရင်ခွင်ထဲတိုးဝင်ကာ ဖက်ထားသူအား အလိုက်သင့်ဖက်ကာ

" ခဏအိပ်ရင် အိပ်လိုက်နော် ၊ နိုးမှ တစ်ခုခုစားပြီး ဆေးသောက်ရအောင် "

ဘာမှပြန်မဖြေတော့တာမို့ ကျောငယ်လေးကိုသာ ပုတ်ပြီး ချော့မြူနေလိုက်သည် ။ ချစ်ရသူက ငယ်ငယ်ကတည်းက ကျန်းမာရေးချူချာတတ်သူမို့ အရိပ်တကြည့်ကြည့် ဂရုစိုက်ရ၏ ။

ယခုနောက်ပိုင်းတွင်လည်း ငယ်ငယ်ကကဲ့သို့ ပြန်ပြီးဖြစ်လာတာမို့ Perth မှာ ဘာလုပ်လုပ်စိတ်မချဖြစ်ရပြန်သည် ။ ဒီကလေးလေး တစ်ခုခုဖြစ်သွားရင်ဖြင့် သူရင်ကျိုးရမည်ဖြစ်သည် ။

-----

" ဒါဆို ကိုယ်ညနေလာကြိုမယ်နော် "

ခေါင်းငြိမ့်ပြလာသည့် အသေးလေးက ဝတ်ထားသော အပေါ်ထပ်လက်ရှည်ကြောင့် ပို၍သေးငယ်ကာ ပိန်နေသယောင်ရှိသည် ။

" မေမေ ကျွန်တော် စိတ်ချမယ်နော် "

" စိတ်ဖြောင့်ဖြောင့်သာ သွားစမ်းပါ "

" Tata ကိုယ်သွားပြီနော် "

သေချာနှုတ်ဆက်ကာ ခင်ပွန်းဖြစ်သူ၏ကားထွက်သွားတော့မှ Santa သက်ပြင်းငယ်အား ချနိုင်သည် ။ ပြီးနောက် မေ Ning ဘက်လှည့်တော့ မေ Ning က သူ့အားတွဲကာ အိမ်ထဲသို့ ခေါ်လေသည် ။

" နေရတာ သက်သာလား Ta လေး "

" ဟုတ် မေ Ning "

" ပိန်သွားလိုက်တာကွယ် "

Santa ခပ်ယေးယေးသာ ပြုံးပြလိုက်တော့ မေNing က မျက်နှာမကောင်းလှပါ ။ သူ့ကိုကြည့်ပြီး စိတ်မချမ်းသာလှပုံ ပေါ်ပါသည် ။

" သားPerth ကို ဘာမှမပြောရသေးဘူးမလား "

Santa ခေါင်းခါပြတော့ မေ Ning က အတွေးစစလေး ဖြစ်သွားပုံဖြင့် ကြည့်လာသည် ။ သူ phi Perth ကို မပြောချင်သေးတာမဟုတ်ဘဲ ပြောဖို့ သတ္တိမရှိသေးတာ ဖြစ်သည် ။ phi Perth ၏ တုံ့ပြန်မှုက ဘယ်လိုဖြစ်မလဲ သူမခန့်မှန်းမိပါ ။ ယခုအတိုင်းတောင် သူ့ကို စိတ်မချနိုင်ဖြစ်နေတာ သိသွားလျှင် ပိုဆိုးပေလိမ့်မည် ။ နည်းနည်းလောက်အချိန်ထပ်ယူပြီးမှ ၊ သူလည်း နည်းနည်းလောက်ဖြစ်ဖြစ် နေကောင်းလာမှ ပြောပြပါတော့မည် ။

" Ta လေး ပြောဖို့အဆင်သင့်မဖြစ်သေးတာ မေ Ning နားလည်ပါတယ် "

" ကျွန်တော်က phi Perth ကို ပျော်ပဲပျော်စေချင်တာ "

ထိုအခါ မေ Ning က Santa ပုံခုံးလေးအားကိုင်ကာ နှစ်သိမ့်ပေးသည် ။

" အများကြီးမတွေးနဲ့နော် Ta ၊ ခဏနေ သားအမေလာတော့မယ်ထင်တယ် မေ Ning တို့ သားစားချင်တာ ချက်ကျွေးမယ် "

" ဟုတ် မေNing ကျေးဇူးတင်ပါတယ် "

" တကယ်တော့ မေ Ning ကသာ ကျေးဇူးတင်ရမှာပါ Ta ရယ် "

ပြီးနောက် သူမ၏သားမက်ဖြစ်သူလေးအား ဖက်လိုက်ကာ သူမ ပြုံးမိသည် ။ ဒီကလေးက သူမ ဝမ်းနဲ့လွယ်မမွေးခဲ့ရပေမယ့် သားအရင်းလေးလိုပဲ ချစ်ရတယ်မလား ။ သူမ၏ သားဘဝထဲကို ဝင်လာပေးလို့လည်း ကျေးဇူးတင်သည် ။

..........

Company ကနေ စောပြန်ကာ မေမေတို့အိမ်သို့ တန်းမောင်းလာခဲ့လိုက်သည် ။

Tata ကို အိမ်မှာတစ်ယောက်ထဲ ထားခဲ့ဖို့ စိတ်မချတာကြောင့် မေမေတို့အိမ်မှာ သွားပို့ပြီးမှသာ သူ Company ကိုသွားသည် ။ အလုပ်ကလည်း အမြဲတမ်းပျက်မရတာကြောင့် သူသည် အချိန်ပြည့် အိမ်ကကလေးအနားတွင် ကပ်နေခွင့်တော့မရပေ ။ သို့ပေမယ့် ဖေဖေ့ဆီက ခွင့်တောင်းပြီး အိမ်စောစော ပြန်လေ့ရှိသည် ။ နေမကောင်းဖြစ်နေသည်မို့ သူ့စိတ်တွေသည် အမြဲ Tata ဆီမှာသာ ရောက်နေ၏ ။ အလုပ်ထဲပင် အာရုံစိုက်၍ သိပ်မရပေ ။ မဖြစ်လို့သာ လုပ်နေရခြင်းဖြစ်သည် ။

မေမေတို့ခြံရှေ့ရောက်တာနဲ့ တံခါးတစ်ခါတည်းဖွင့်ပေးလာတာမို့ မောင်းဝင်လာလိုက်သည် ။ အိမ်ရှေ့ရောက်တော့ အမြန်ပင် ကားထဲကထွက်ပြီး အိမ်ထဲဝင်လိုက်၏ ။ ထိုအခါ ဧည့်ခန်းတွင်မရှိကြသော သမီးယောက္ခတွေကြောင့် ထမင်းစားခန်းတွင် ရှိမှာပဲဟု ထင်ကာ လျှောက်လာခဲ့လိုက်သည် ။

" များများစားနော် Ta လေး အားရှိအောင်လို့ "

" သားလေး မေမေ ပုဇွန်ခွါပေးမယ် စားလိုက်နော် "

သူထမင်းစားခန်းနားသို့ ရောက်ချိန်တွင် အထဲမှ အသံတို့ကြောင့် သူ့ကလေးလေးကို ချက်ချင်းပင်တွေ့ချင်သွားသည် ။ မေမေတို့က အစားနည်းနေသည့် ချစ်ရသူလေးကို အစားချော့ကျွေးနေကြပုံပေါ်ပါသည် ။ မစားရင်တော့ သူပါလိုက်ချော့ကာ ကျွေးမည်ဟုတွေးကာ ပြုံးရင်းဖြင့် ထမင်းစားခန်းထဲ ဝင်ဖို့ကြံလိုက်စဉ်

" Ta လေး နေကောင်းမှ ဗိုက်ထဲက ကလေးလေးက ကောင်းကောင်းထွားမှာ "

ဟင် ။သူခြေလှမ်းတွေ ရပ်တန့်ကုန်၏ ။ ရုတ်တရက်ဆိုသလို ကြားလိုက်ရခြင်းကို မယုံနိုင် ။ဘယ်သူ့ ဗိုက်ထဲမှာ ကလေးလေးရှိတာလဲ ။

ခြေလှမ်းတွေအား နောက်ပြန်ဆုတ်ကာ သူနားထောင်နေလိုက်သည် ။ ထပ်ကြားရမည့်စကားကိုလည်း မျှော်လင့်တကြီး စောင့်စားနေမိ၏ ။

သူနားကြားမှားတာလား ။ တကယ်ပဲ မေမေက အဲ့လိုပြောလိုက်တာလား ။ ဒါပေမယ့် Tata က ယောက်ျားလေး မဟုတ်လား ။

" သား Perth သိရင်လည်း ပျော်နေမှာသိလား ၊ ဒါပေမယ့် Ta လေးက နေကောင်းနေမှဖြစ်မယ် "

" ဟုတ် ကျွန်တော် နေကောင်းအောင်နေပါ့မယ် "

" ဗိုက်ထဲက မြေးလေးက ပါပါးကို အရမ်းမဆိုးရဘူးနော် ၊ ပါပါးက သေးသေးလေးရယ် "

ပြီးနောက် ရယ်သံလွင်လွင် သူ့နှလုံးအိမ်ကို ခပ်ပြင်းပြင်း ရိုက်ခတ်သွားသလို ခံစားရသည် ။ အသွေးအသားတစ်ခုလုံးသည်ပင် ဗြောင်းဆန်သွားသလို ဖြစ်သွားခဲ့ပြီး သူ့အတွေးတွေ ချာချာလည်ကုန်သည် ။

Tata ဗိုက်ထဲမှာ ကလေးလေး တကယ်ရှိနေတာလား ။

ဘာကြောင့်လဲ Tata က ယောက်ျားလေးလေ ....

" Dunk ကရော ဘာပြောသေးလဲ Ta "

" အခြေအနေကို ဆက်စောင့်ကြည့်အုံးမယ်တဲ့ ၊ ကလေးလေး ရှိမှန်းသိတော့ phi Dunk ကပျော်နေတာ "

Dunk ...Dunk ဆိုတာ Joong ရဲ့ သတို့သားလို့ သူသိထားသည် ။ ပြီးတော့ ဆရာဝန်တစ်ယောက် ...ဒါဆိုရင် Tata နဲ့ မေမေတို့ UK ကိုသွားခဲ့တာကရောသူ့လိုက်ပါမယ်ဆိုတာကို အတင်းငြင်းခဲ့ကြသူတွေကို ပြန်သတိရလာမိသည် ။ ပြီးတော့ Tata က အူအတက်ပေါက်ပြီး ခွဲခဲ့ရသေးတယ်လို့ သိခဲ့ရတယ် ။ အဲ့တာက အူအတက်ပေါက်တာ မဟုတ်ပဲကလေးယူဖို့ ခွဲစိတ်ခဲ့တာလား ။ဒါဆို .... အားလုံးက သူ့ကို လိမ်ထားခဲ့ကြတာလား ။တစ်ခုခြင်းစီတိုင်းကို သေချာတွေ့ကြည့်လျှင် ဒါ့အပြင် မရှိနေတော့ပေ ။

သူ့စိတ်ထဲ လေးလံလှသော အစိုက်အခဲတွေပိကျလာသလို ခံစားလိုက်ရ၏ ။ ဘာကြောင့် သူက ဘာမှမသိခဲ့ရတာလဲ ။ အမြဲလိုလို သူက နောက်ဆုံးမှသိသူဖြစ်ခဲ့ရသည် ။ ဘာလို့ သူနဲ့မတိုင်ပင်ဘဲ ဒီလောက်အန္တရာရယ်များတဲ့ ကိစ္စကို လုပ်ခဲ့ကြတာလဲ ။

Tata ကရော ဘာကြောင့် ဒီကိစ္စကြီးကို ...

သူ့အတွေးတွေ ပိတ်လှောင်လာခဲ့ချေပြီ ။ အံကိုတင်းတင်းကြိတ်ကာ လက်သီးကိုပင် ဆုပ်ထားမိတဲ့အထိ သူ့စိတ်တွေကို မနည်းထိန်းချုပ်နေရ၏ ။ သူဒေါသထွက်နေမိသည် ။ အရာရာကို ပစ်ခွဲချင်စိတ်သာ ရှိနေခဲ့ပြီး ဘာဆို ဘာမှမသိတော့ပေ ။

ပြီးတော့ သူ့ခေါင်းထဲ ဗလောင်ဆူနေခဲ့ပြီး Tata ရဲ့အားနည်တဲ့ပုံစံတွေကို မြင်ယောင်လာမိသည် ။ ဒီအတိုင်းတောင် ချူချာနေတတ်တဲ့ကလေးက သဘာဝကိုလွန်ဆန်ပြီး သူ့ရင်သွေးကို လွယ်သည်တဲ့လား ။ အကယ်၍များ တစ်ခုခုမှားယွင်းသွားခဲ့လျှင် ဘာတွေဖြစ်နိုင်သနည်း ။ ဖြစ်သွားနိုင်သနည်း ။ ဒီကောင်လေးသာ တစ်ခုခုဖြစ်သွားခဲ့ရင် သူရူးသွားမှာ ။

မေမေတို့ကရော ဘာလို့ မတားခဲ့ကြတာလဲ ။

နေရာတွင်ရပ်ကာ သူ့အတွေးတွေ ချာချာလည်နေခဲ့ပြီ ။ ထမင်းစားခန်းထံမှာ ရယ်သံလွင်လွင်တို့က သူ့ကိုပိုပြီး စိတ်မထိန်းနိုင်ဖြစ်စေသည် ။ ဒီကိစ္စက မသိချင်ယောင်ဆောင်ပေးလို့လည်း မရဘူး ။ ကျော်သွားလို့လည်း မရဘူး ။ သူ့ကိုရော ဘယ်အချိန်ထိ ဖုံးကွယ်ထားချင်ကြတာလဲ ။

ထို့ကြောင့် ထမင်းစားခန်းထဲသို့ ခြေလှမ်းတို့အား ဦးတည်လိုက်ကာ

" Santa !! "

-----

🤍

* စာလုံးပေါင်း မစစ်ထားရသေးပါဘူးရှင့်

There are no comments yet. Log in to be the first to leave a review!

Similar stories