Fanfics

[07]

19:06, 15 July 2024

Endless Dream- အဆုံးမဲ့အိမ်မက်

ပြိုင်ကားတစ်စီး ပတ်လမ်းပေါ်မှာ အရှိန်နှုန်းပြင်းစွာဖြင့်မောင်းနှင်းနေသည်။ အလင်းထက်ပင်မြန်သည်မို့ မျက်တောင်မခပ်လိုက်ရခင်မှာပဲ ပျောက်ကွယ်သွားသည်။

" သူဘယ်အချိန်ထိ မောင်းနေအုံးမှာလဲ "

" ထုံးစံအတိုင်းပဲနေမှာပေါ့ "

ကွင်းထဲရှိကောင်လေးနှစ်ယောက်မှ ပြောလာသောစကားဖြစ်သည်။

" မင်းအိမ်ပြန်ချင်နေပြီလား...ငါပြန်ပို့ပေးမယ်လေ..."

" ရတယ်...ဟိုကောင်နဲ့မှ အတူပြန်ကြမယ် "

နှစ်ယောက်သားပြောနေကြစဥ်မှာပဲ ပြိုင်ကားဟာသူတို့ရှေ့နား ထိုးရပ်လိုက်ပါသည်။

ကားပေါ်မှ ဆင်းလာသောသူမှာ helmetကိုချွတ်လိုက်ပြီး ကွင်းထဲက ကောင်လေးတွေဆီ ဦးတည်သွားနေသည်။

" ဘယ်လိုလဲ အဆင်ပြေသွားပြီလား "

ကွင်းထဲက ကောင်လေးတစ်ယောက်မှ မေးလိုက်သည်။

မျက်ခုံးတစ်ဖက်သာ တွန့်ပြလိုက်ပြီး ဘာမှမပြောပဲထွက်သွားသည်။

" လာ...လိုက်သွားကြမယ်...Dunk "" ဟိုကောင် ဒီည...အိမ်တန်းပြန်အုံးမှာမဟုတ်ဘူး "

" Joong... မင်းအိမ်မှာ ဒီည family dinnerရှိတယ်မလား...အိမ်မပြန်လို့ရော ဖြစ်လို့လား "

" ထားလိုက်...မင်းအပြင်မှာရှိနေတာကို ငါတစ်ယောက်ထဲမထားခဲ့ချင်ဘူး "

" ဘာကိုတစ်ယောက်ထဲလဲ...Pondပါရှိတယ်လေ "

" ဟိုကောင်ကိုလဲကြည့်အုံး...သူ့ဟာသူတောင် ဘာဖြစ်နေမှန်းမသိတာ...မင်းကို ငါကိုယ်တိုင်အိမ်ပြန်ပို့ပေးပြီးမှပြန်မယ် "

Joong, Dunk နဲ့ Pondတို့ သုံးယောက်သည် မူကြိုထဲကပေါင်းသင်းလာကြသော အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြသည်။ မိဘတွေက စီးပွားပါတနာတွေမို့ သူတို့သည်လဲ ငယ်ငယ်ထဲကပင် ညီအစ်ကိုတွေလိုဖြစ်နေခဲ့ကြသည်။ အသိုင်းအဝိုင်းကြီးထဲကမို့ အနည်းငယ်ဆိုးချင်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်ထိန်းပေးကြတာမို့ ပျက်စီးနေခြင်းမျိုးတော့မရှိပေ။ မိသားစုကိုယ်စီရဲ့ အမွေဆက်ခံသူတွေမို့ အဖက်ဖက်မှစောင့်ကြည့်နေသူများလဲရှိတာကြောင့်ပင်ဖြစ်သည်။ လူငယ်တွေမို့ အပျော်အပါးမက်ပေမယ့် barသွား clubတက်တာလောက်ပဲ ရှိကြသည်။ မိန်းကလေးကိစ္စအရှုပ်အရှင်းကင်းကြပြီး rkတွေမို့ ဆေးသုံးပျက်စီးနေတာမျိုးလဲမရှိပေ။ Joongနဲ့ Pondသည် car workshop တစ်ခုအတူထောင်ထားကာ Dunkသည်ကိုယ်ပိုင် art studioတစ်ခုရှိသည်။ ဝါသနာအရ သာ အပျော်လုပ်နေကြပေမယ့် သုံးယောက်လုံးဟာအချိန်တန်ရင် မိသားစုအမွေဆက်ခံကြရမဲ့ သူတွေဖြစ်သည်။ •┈┈┈•┈┈┈•┈┈┈

ဒီညတော့ သုံးယောက်သား barတွင်အချိန်ကုန်လောက်ပေမည်။

" Pond...မင်းအဲ့အိမ်မက်ပဲ မက်နေပြန်ပြီလား "

Dunkမှ မေးလာသည်ပင်ဖြစ်၏။

" အင်း...အတော်စိတ်ရှုပ်ဖို့ကောင်းတယ် " ဟု ပြန်ဖြေကာ Pondမှာ လက်ထဲကခွက်ကိုမော့ချလိုက်သည်။

'အဲ့အိမ်မက်'ဆိုသည်မှာ Pond ငယ်ငယ်ထဲကမက်နေခဲ့ခြင်းဖြစ်သည်။ ဘာမှန်းသေချာမသိရ မမြင်ရ၊ မြင်ရသည့် အရာမှာ တစ်ခုတည်းသာ။ ကောင်လေးတစ်ယောက်၏ နောက်ကျောတစ်ခု။ အိမ်မက်ထဲတွင်ပေါ်လာတတ်သည့် ထိုကောင်လေး၏ နောက်ကျောကိုမြင်နေရခြင်းသည် ဘယ်မှန်းမသိတဲ့ခံစားချက်တစ်ခုနဲ့ ရင်နာနေရသည်။ အိမ်မက်မက်တဲ့ညတိုင်း လန့်နိုးပြီး သူ့အလိုလိုမျက်ရည်တွေကျနေတတ်သည်။

" ဆရာဝန်နဲ့ပြကြည့်ပါလား...စိတ်စွဲနေတာမျိုးလဲဖြစ်နိုင်တယ်လေ " ဟု Joongက ဝင်ပြောသည်။

" ငါရူးနေတာမဟုတ်ဘူး..."

" မင်းကို အဲ့လိုသဘောပြောတာမဟုတ်ဘူးလေ...ကြာရင်မင်းအတွက်လဲမကောင်းလို့ တစ်ခုခုလုပ်ကြည့်ဖို့ပြောတာ " ဟု Joongမှပြန်ဖြေရသည်။

ထိုစဥ် Dunkမှ " မင်းအားရင်...မနက်ကျငါ့ studioလာခဲ့လေ...စိတ်အပြောင်းအလဲလေးဖြစ်သွားအောင် "" အချိန်ပြည့် မင်းတို့အဲ့ကားတွေနဲ့ပဲ အချိန်ကုန်နေတာ...အနုပညာဆိုတာလေးတွေလဲ ခံစားပေးရတယ်...အဲ့တာမှ balanceညီမှာ..."

" အေး...မနက်ကျလာခဲ့မယ် "

" မင်းကိုခေါ်နေတာမဟုတ်ဘူး...Joong"

" မင်းမခေါ်လဲ လာရမှာက...ငါ့တာဝန်ပဲ "

သုံးယောက်သား စကားပြောနေကြရင်း သူတို့ဝိုင်းသို့ ဝိတ်တာကောင်လေးမှ ပုလင်းလာထပ်ချပေးသည်။

Pondလဲ ခွက်ထဲထည့်ပြီးသောက်လိုက်သည်။ နောက်တစ်ခွက်အတွက် ရေခဲကုန်နေလို့ သူတို့ဝိုင်းကိုလာချပေးတဲ့ ဝိတ်တာကိုခေါ်ဖို့ လှမ်းကြည့်လိုက်တဲ့အချိန်မှာ ကျောပြင်လေး။ သူ့အိမ်မက်ထဲကကျောပြင်လေး။ ခဏက ထွက်သွားတဲ့ဝိတ်တာကောင်လေးရဲ့ ကျောပြင်ဟာ သူ့အိမ်မက်ထဲကကောင်လေးရဲ့ကျောပြင်လေးနဲ့ ထပ်တူပင်။ နှစ်ပေါင်းများစွာ မက်လာခဲ့ရသည့်အိမ်မက်မို့ မမေ့နိုင်အောင်အလွတ်ရနေခဲ့သည်။

Pondထရပ်လိုက်ပြီး လိုက်ခေါ်ဖို့သွားပေမယ့် ကောင်မလေးတစ်ယောက်နဲ့ဝင်တိုက်မိသွားသည်။

" ဘာလဲ...အထာတွေလား..."

ကောင်မလေးပြောစကားတောင်နားမထောင်လိုက်ရပဲ ကျောပြင်လေးကိုရှာဖို့အတွက်သာ စိတ်လောနေသည်။

" ဟာ...ဘယ်ရောက်သွားတာလဲ "

Pond အနောက်ကနေလိုက်သွားသော်လည်း မမှီလိုက်ပေ။

Joongနဲ့ Dunkတို့လဲ လိုက်လာကြပြီး

" ဟေ့ကောင်...Pond... အလန့်တကြားနဲ့ ဘာဖြစ်တာလဲ "

" ဘာလို့ ပြေးထွက်သွားတာလဲ "

ဘေးကပြောစကားတွေ မကြားတော့ပဲ Pondမှာ မတ်တပ်ရပ်နေရင်းကိုပင် မျက်ရည်များသူ့အလိုလိုကျလာသည်။

" ဟေ့ကောင်...ဘာလို့ငိုနေရတာလဲ "

Dunkနဲ့ Joongတို့ နှစ်ယောက်လုံးလည်း သူငယ်ချင်းဖြစ်သူကို နားမလည်စွာဖြင့် ဖြစ်လို့နေလေသည်။

" ကျောပြင်...အိမ်မက်ထဲက ကျောပြင်လေး " •┈┈┈•┈┈┈•┈┈┈

အတိတ်က သူတို့...

Phuwin တစ်ယောက် ခါတိုင်းလိုပင် အိမ်မက်မက်ပြီးလန့်နိုးလာတော့သည်။ ပြီးတော့ စိတ်ကိုငြိမ်အောင်လုပ်လိုက်ပါလေသည်။ စိတ်ငြိမ်သွားပြီဆိုတော့မှဘဲ အောက်ထပ်ဆင်းကာ မျက်နှာသစ်၊ သွားတိုက်တာတွေလုပ်ရတော့သည်။ မျက်နှာသစ်ပြီးသွားတော့ အလုပ်သွားဖို့အတွက် ပြင်ဆင်ရလေသည်။ အလုပ်အတွက် အဝတ်အစား သပ်သပ်ရပ်ရပ်ဖြစ်တာလေး ဝတ်လိုက်ပြီး လွယ်အိတ်ထဲ လိုအပ်တဲ့ပစ္စည်းတွေထည့်လိုက်ပါတော့သည်။ ပြင်ဆင်လို့ပြီးတာနဲ့ အခန်းထဲကထွက်ကာ အိမ်အောက်ဆင်းသွားလိုက်လေသည်။ အောက်ထပ်ကိုရောက်တာနဲ့ မီးဖိုခန်းထဲသွားလိုက်ပြီး အမေပြင်ပေးထားတဲ့ နေ့လည်စာထုပ်လေးကို Phuwinယူလိုက်ပါလေသည်။ ပြီးတာနဲ့အလုပ်သွားဖို့ ခြေလှမ်းတုန်းရှိသေး အမေကနေ မနက်စာ စားဖို့ကို လှမ်းပြောတော့သည်။

" သား..Phuwin... မနက်စာ စားသွားလေ "

Phuwinတစ်ယောက် အမေဖြစ်သူဘက်သို့ ပြန်လှည့်ပြီး ပြန်ဖြေရတော့သည်။

" တော်ပြီ...အမေ...နောက်ကျနေလို့မစားတော့ဘူးလားလို့...သွားရင်းနဲ့မှလမ်းမှာ ပေါင်မုန့်ဝင်ဝယ်သွားတော့မယ် "

" တစ်လုပ်နှစ်လုပ်လောက်တော့ စားလိုက်ပါ သားရယ်..."

" တော်ပြီ...နောက်ကျနေပြီ...ပြီးတော့ အိပ်ရာထတာကလည်း မဆိုသလောက်လေး နောက်ကျသွားတာလည်းပါတယ် "

" အဲ့တာကြောင့် ပြောတာ...ညဘက်တွေ စာအုပ်မဖတ်ပါနဲ့လို့...အခုတော့အိပ်ရာထတာနောက်ကျပြီ"

" ဟုတ်ပါ...နောက်မဖတ်တော့ဘူးနော်...ခုသွားတော့မယ်...နောက်ကျနေပြီ "

" လမ်းကိုလဲ သေချာကရုစိုက်သွားအုံး "

" ဟုတ်...ဟုတ်..." လို့ လှမ်းအော်ပြောရင်း Phuwinတစ်ယောက် အိမ်ရှေ့မှာထိုင်ပြီး ဖိနပ်ဝတ်နေပါလေသည်။

ထိုချိန် အိမ်မှာမွေးထားတဲ့ ကြောင်လေးတစ်ကောင်မှ သူ့ခြေထောက်ကိုပွတ်သီးပွတ်သပ် လာလုပ်နေလေသည်။ ဒီတွင် Phuwinကနေပြီး ကြောင်လေးကိုပွတ်သပ်ပေးရင်း စကားပြောနေပါတော့သည်။

" ဝါလေးရေ...အစ်ကို ပြန်လာရင် ကြောင်စာဝယ်ခဲ့ပေးမယ်နော်...အစ်ကို့ကို ကံကောင်းအောင်လုပ်ပေးနော်"

Phuwinမှ ကြောင်ကိုပြောနေသော စကားကို အိမ်နောက်ဘေးက အမေဖြစ်သူမှ ကြားသွားဟန်တူသည်။ လှမ်းအော်ပြောလာပါတော့သည်။

" ကြောင်ကို ထမင်းကျွေးနေတာကို...ဘာအစာထုပ်လဲ...အပိုကုန်အောင်လို့..."

အမေဖြစ်သူလှမ်းအော်သံကြားပြီး Phuwinတစ်ယောက်ပြုံးမိလိုက်သည်။ ဖိနပ်ဝတ်ပြီးသွားတော့ ကြောင်လေးကို တစ်ဖန်ပြန်ပွတ်သပ်လိုက်ပါလေသည်။ ပြီးနောက် ကြောင်လေးကိုတိုးတိုးလေးပြောလိုက်သေး၏။

" ကြောင်စာ ဝယ်ခဲ့မယ်နော်..." လို့ ပြောပြီး Phuwinအိမ်ကနေ ထွက်လာခဲ့လိုက်လေသည်။

အိမ်ကနေသီချင်းလေးနားထောင်ပြီး ကားမှတ်တိုင်ဆီသို့ သွားလိုက်သည်။ ကားမှတ်တိုင်ကိုသွားနေရင်း Phuwinတစ်ယောက် မက်ခဲ့တဲ့အိမ်မက်ကိုပြန်သတိရလိုက်လေသည်။ အိမ်မက်လေးကတော့ ခါတိုင်း မက်နေကျအိမ်မက်လေးပဲဖြစ်သည်။ Phuwinအနေနဲ့ အိမ်မက်တစ်ခုကို ထပ်ခါတလဲလဲ မက်နေတာမျိုး မကြုံဖူးသေးပေ။ ခုမှသာ အိမ်မက်တစ်ခုကို ရက်တိုင်းမက်နေမိတာဖြစ်သည်။ ထိုအိမ်မက်ကလည်း လွန်ခဲ့တဲ့ လပိုင်းလောက်ကမှ Phuwinစမက်ခဲ့တာဖြစ်သည်။ အဲ့ချိန်ကစပြီး အဲ့အိမ်မက်တစ်ခုသာ Phuwinခေါင်းထဲ စွဲထင်ခဲ့တော့သည်။ Phuwinမက်နေတဲ့အိမ်မက်လေးက အတော်လေးကို ထူးဆန်းတယ်လို့ ဆိုရမည်။ ဘာကြောင့်ဆို ခါတိုင်းအိမ်မက်မက်လျှင် ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေပါတဲ့ အိမ်မက်မျိုး၊ ပြီးတော့ ကြည့်ခဲ့ဖူးတဲ့ဇာတ်ကားတစ်ကားမှာ ဝင်ရောက်သွားတဲ့အိမ်မက်မျိုးကိုသာ မက်လေ့ရှိတာ ဖြစ်လေသည်။ ဒါပေမယ့် အခုPhuwin မက်တဲ့ အိမ်မက်က တော်တော်လေးကို ထူးဆန်းတဲ့အိမ်မက်မျိုးလို့ ပြောလို့ရသည်။

အိမ်မက်ထဲမှာ သူ့ထက် အသက်သုံးလေးနှစ်ယောက် ကြီးဟန်တူတဲ့ ယောကျ်ားလေးတစ်ယောက်ကို မြင်မက်နေတာဖြစ်သည်။ အိမ်မက်က ထိုယောကျ်ားလေးကိုပဲ မြင်တဲ့ အိမ်မက်မျိုးမဟုတ်ပေ။ သူမြင်မက်တဲ့ အိမ်မက်ထဲမှာ သူနဲ့ထိုယောကျ်ားလေးတို့ဟာ တရင်းတနှီးရှိကြတဲ့ အခြေအနေမျိုးဖြစ်သည်။ ရင်းနှီးတာကလည်း သူငယ်ချင်းလိုမဟုတ်။ ချစ်သူသမီးရည်းစားတွေလို လက်တွေကိုင်ထားကြသေးသည်။ ပြီးတော့လည်း ထိုယောကျ်ားလေးကနေမှ သူ့ကိုချစ်ရည်တွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတာကို မက်ခဲ့တာဖြစ်သည်။ သူလည်း လိုလိုလားလားနဲ့ ထိုယောကျ်ားပေါ်ကို အချစ်တွေထုတ်ပြနေတာကို Phuwinမြင်မက်ခဲ့တာဖြစ်သည်။ ပြီးတော့ သူမြင်မက်ခဲ့တဲ့ အိမ်မက်က ဒီလောက်မျှမပြီးသွားပေ။ သူနဲ့ထိုယောကျ်ားလေးတို့ လမ်းအတူတူဖြတ်ကူးနေချိန်မှာ ထိုယောကျ်ားလေးကို ကားတိုက်သွားသည်ဆိုပြီး မြင်မက်နေတာပဲဖြစ်သည်။ ဒါကြောင့် Phuwinမှာ မနက်ဆို လန့်ပြီးတော့ အိပ်ရာနိုးလာခဲ့တာပင်ဖြစ်သည်။ စစပိုင်းမှာတော့ သူလန့်ပြီးနိုးလာခဲ့သည်။နောက်ပိုင်းတွေတော့ သူ နည်းလမ်းအမျိုးမျိုးနဲ့ကယ်ခဲ့ပါသေးသည်။ သို့သော်လည်း အိမ်မက်ကတော့ မပြောင်းသွားခဲ့ပေ။ တစ်ခု မဟုတ် တစ်ခု ထိုယောကျ်ားလေးဟာ အဖြစ်ဆိုးနဲ့ကြုံနေရတုန်းပါပဲ။ ဘာမှလုပ်မရတော့ Phuwinလည်း အိမ်မက်ဘဲဆိုကာ ဒီအတိုင်းထားလိုက်ပါလေသည်။ ပြီးတော့ အိမ်မက်ထဲကသူကို ရှာဖို့ကိုသာ အားခဲထားလိုက်တော့သည်။

Phuwinတစ်ယောက် ကားမှတ်တိုင်ကို ရောက်တော့ အလုပ်ကိုရောက်တဲ့ ကားပေါ်တက်သွားလိုက်ပါလေသည်။ အလုပ်နဲ့နီးတဲ့ မှတ်တိုင်ကိုရောက်တော့ Phuwinကားပေါ်က ဆင်းလိုက်ပါလေသည်။ ပြီးနောက် အလုပ်ရှိတဲ့တစ်ဖက်ကမ်းကို ကူးသွားလိုက်လေသည်။ အလုပ်ကိုမသွားမှီ မနက်စာစားဖို့အတွက် မုန့်ဆိုင်လေးတစ်ဆိုင်သို့ Phuwinသွားလိုက်လေသည်။ မုန့်ဆိုင်မှာ မုန့်ရွေးတုန်း အမှတ်မထင်တွေ့လိုက်ရတာ သူရင်းနှီးတဲ့သူတစ်ယောက် Phuwinတစ်ယောက်။ ခေါင်းကိုအနဲငယ်ဝေ့ရမ်းလိုက်ပြီး

" ငါအမြင်မှားတာနေမှာပါ " ဟုရေရွတ်လိုက်ကာ ထိုသူဘက်သို့ နောက်တစ်ကြိမ်လှည့်ကြည့်လိုက်မိသည်။

" ဟင့်အင်း...အမြင်မမှားဘူး... သူမှသူ အမြဲတမ်းမက်နေတဲ့ အိမ်မက်ထဲကလူ..."

ဆိုင်ရှင်အား ပိုက်ဆံ အမြန်ရှင်းပြီး ထိုသူနောက်လိုက်ခဲ့ပေမယ့် ထိုသူမှာ မရှိတော့ပေ။ Phuwinမှာ မတွေ့လိုက်ရတော့ စိတ်မကောင်းဖြစ်လို့သွားလေသည်။ နောက်တော့ မုန့်ဝယ်ပြီး အလုပ်ကိုသာ သွားလိုက်တော့သည်။

အလုပ်မှာလည်း Phuwinတစ်ယောက် ငူငူငိုင်ငိုင်ဖြစ်လို့နေလေသည်။ Phuwinရဲ့အလုပ်က စာအုပ်ဆိုင်မှာလုပ်ရတာဆိုတော့ သိပ်များများစားစားမလုပ်ရပေ။ ဝယ်သူတွေမေးတဲ့စာအုပ်ကို ရှာပေးရတာတို့၊ စာအုပ်တွေစီရတာတို့၊ စာအုပ်တွေခွဲပေးရတာတို့သာ လုပ်ရလေသည်။ ဒီတော့ Phuwinမှာ တစ်ခါတစ်လေဆိုရင် အားနေတော့သည်။ Phuwinတစ်ယောက် ငူငူငိုင်ငိုင်ဖြစ်နေတုန်းမှာပဲ ဆိုင်ကတစ်ယောက်က စာအုပ်ရောက်လို့ သွားယူမယ်ဆိုကာ လာခေါ်လေသည်။ ဒါနဲ့ Phuwinလည်းလိုက်သွားလိုက်တော့သည်။ စာအုပ်တွေသွားသယ်လာပြီးပြန်လာတော့ Phuwinတစ်ယောက်စာအုပ်တွေစီနေပါလေသည်။ စာအုပ်စီနေရင်း ဘေးနားသို့ စာအုပ်ရှာတဲ့သူတစ်ယောက် ရောက်လာလေသည်။ Phuwinလည်း ဘာမှကရုစိုက်မနေဘဲ ဒီအတိုင်းသာ စာအုပ် စီလိုက်လေသည်။ ထိုချိန် စာအုပ်ရှာနေတဲ့သူမှ Phuwinကို စကားစပြောလာပါတော့သည်။

" ဟိုလေ...ညီလေး...တစ်ချက်လောက်..."ဆိုပြီးတော့ပင်။

လှမ်းခေါ်တာကြောင့် Phuwinလည်း လှည့်ကြည့်မိလိုက်သည်။ မထင်မှတ်စွာဘဲ အိမ်မက်ထဲကသူကို မြင်လိုက်ရတာကြောင့် Phuwinအံ့ဩသွားရတော့သည်။ ပြီးတော့လည်း မနက်တွေ့ခဲ့တဲ့သူနဲ့ တစ်ပုံစံထဲဖြစ်နေတာမလို့ ပိုပြီး သေချာသွားခဲ့လေသည်။ Phuwinမှာ ရုတ်တရက်ကြီး တွေ့လိုက်ရတာကြောင့် ဘာပြောရမှန်းမသိဖြစ်ကာ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိလေသည်။ စာအုပ်ရှာနေတဲ့တစ်ယောက်လည်း ကြောင်သွားပါလေသည်။

" အမ်...ဟိုင်း...ဒီမှာ..."ဆိုပြီး စာအုပ်ရှာတဲ့ တစ်ယောက်မှာ Phuwinကို လက်ဝေ့ပြလေသည်။

ဒီတော့မှ Phuwinလည်း အသိပြန်ဝင်လာကာ ပြန်ပြီးစကားပြောလိုက်ပါတော့သည်။

" အော်...ဟုတ်...ဟုတ်..."

" ဟုတ်...အစ်ကို့ကို စာအုပ်လေး ရှာပေးလို့ရမလားလို့...မေးမလို့ပါ "

" ဟုတ်...ဟုတ်...ရပါတယ်ခင်ဗျ...စာအုပ်နာမည်ပြောပြလို့ရသလို...စာအုပ်ပုံလည်းပြလို့ရပါတယ်..."

" ဟုတ်...ဒါဆို အစ်ကို ပုံပြမယ်လေ..."

" ဟုတ်ကဲ့ပါ..."

စာအုပ်ရှာတဲ့ တစ်ယောက်မှာ သူ့ဖုန်းကိုထုတ်ပြီး တစ်ခုခုရှာနေပါလေသည်။ ခဏကြာတော့မှ Phuwinကို ဖုန်းကနေပြီး စာအုပ်ပုံပြလာတော့သည်။ Phuwinလည်း ဖုန်းကိုယူပြီး စာအုပ်ကိုကြည့်လိုက်လေသည်။ ပြီးတော့ ရှာနေတဲ့စာအုပ် ဘယ်မှာရှိလဲဆိုတာ သိသွားပြီးတော့ Phuwinတစ်ယောက် ဖုန်းကိုပြန်ပေးလိုက်တော့သည်။

ပြီးတာနဲ့ " ဒီဘက်မှာနော် အစ်ကို "လို့ ပြောကာ ရှေ့ကဦးဆောင်ပြီး သွားတော့သည်။ စာအုပ်ရှာတဲ့တစ်ယောက်လည်း Phuwinနောက်သို့လိုက်သွားပါလေသည်။

စာအုပ်ရှိတဲ့နေရာလည်းရောက်တာနဲ့ Phuwinမှာရပ်လိုက်ပြီး စာအုပ်ကိုရှာနေပါလေသည်။ စာအုပ်ရှာတဲ့တစ်ယောက်လည်း Phuwinကို ကြည့်နေပါလေသည်။ Phuwinကတော့ စာအုပ်ကိုသာ ကြိုးစားပမ်းစားနဲ့ ရှာနေပါလေသည်။ အတော်အတန်ကြာရှာပြီးသွားတဲ့ အချိန်မှာပဲ Phuwinတစ်ယောက် စာအုပ်ကိုပေးလိုက်တော့သည်။

" ဒီမှာ အစ်ကို ရှာနေတဲ့ စာအုပ် "

စာအုပ်ရှာနေတဲ့တစ်ယောက်လည်း Phuwinပေးတဲ့စာအုပ်ကိုကြည့်ပြီး ပြုံးလိုက်ပါလေသည်။ ပြီးတော့ Phuwinကို ကျေးဇူးတင်စကာ့ဆိုတော့သည်။

" ကျေးဇူးပဲနော်...ညီလေး "

ထိုချိန် သူတို့နှစ်ယောက်ရှိတဲ့ လိုင်းထဲသို့ စာအုပ်ဆိုင်မှ ဝန်ထမ်းတစ်ယောက် စာအုပ်ပုံးထမ်းကာ ဝင်လာလေသည်။

" နဲနဲ...လောက်ပါ "

လမ်းလေးက ကျဥ်းတာကြောင့် စာအုပ်ရှာခိုင်းတဲ့ တစ်ယောက်မှာ Phuwinနားသို့ ကပ်လိုက်ပါလေသည်။ စာအုပ်ဆိုင်မှဝန်ထမ်းမှာ ဖြတ်လျှောက်သွားရင်း ဝင်တိုက်မိသွားတော့သည်။ ဒါကြောင့် စာအုပ်ရှာခိုင်းတဲ့တစ်ယောက်မှာ Phuwinနား ပိုကပ်သွားပြီး Phuwinကို အုပ်မိုးလိုက်သလို ဖြစ်သွားပါလေသည်။ Phuwinမှာ ရုတ်တရက်ကြီးဆိုတော့ ထိတ်လန့်သွားလေသည်။ ပြီးတော့ စာအုပ်ရှာခိုင်းတဲ့သူနဲ့ အကြည့်ချင်း ဆုံမိသွားတော့၏။ အတော်ကြာ အကြည့်ချင်းဆုံပြီးသွားတော့မှ Phuwinကနေပြီး ဖယ်ဖို့ ပြောလိုက်ပါလေသည်။

" ဟို...အစ်ကို...ဟိုလေ...ဖယ်လို့ရပြီလား..."

Phuwinပြောတော့မှ ထိုတစ်ယောက်လည်း ချက်ချင်းဖယ်ပေးပြီး တောင်းပန်စကားဆိုလာတော့သည်။

" တောင်းပန်ပါတယ်နော်..."

" ရပါတယ်...အစ်ကို...ဟိုလေ...တစ်ခြားစာအုပ်ကော ရှာပေးရအုံးမလား "

" အာ...တစ်ခြားစာအုပ်လား...အမ်...လောလောဆယ်တော့ ဒီစာအုပ်ကိုပဲ အရင် ဖတ်လိုက်အုံးမယ်...လိုတော့မှ ပြန်လာခဲ့လိုက်မယ်လေ "" ဟုတ်ကဲ့...အစ်ကို...ဒါဆို စာအုပ်ရှင်းမယ်ဆို ကောင်တာ သွားပေးပါနော်..."

" အော်...ဟုတ်ပြီ...ညီလေး " လို့ ပြောရင်း စာအုပ်ရှာခိုင်းတဲ့ တစ်ယောက်မှာ ကောင်တာသို့ သွားလိုက်ရပါလေသည်။ ပြီးတော့ ငွေရှင်းပြီး ပြန်ဖို့လုပ်ရတော့သည်။ မပြန်ခင်လည်း စာအုပ်ဆိုင်ထဲကို လှမ်းကြည့်နေသေးသည်။ ပြီးမှ ပြန်သွားလေသည်။

Phuwinလည်း ထိုတစ်ယောက်ကို ချောင်းကြည့်နေမိသေးသည်။ ဘာကြောင့်ဆို သူ့အိမ်မက်ထဲက တစ်ယောက်နဲ့ အတော်လေးဆင်တူနေလို့ပင်ဖြစ်သည်။ အိမ်မက်ထဲကသူကို ရှာဖို့ အားခဲထားတာဆိုပေမယ့် ခုလိုတွေ့လိုက်ရတော့ Phuwinခမျာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရလေသည်။ Phuwinအနေနဲ့ ထိုတစ်ယောက်ကို အိမ်မက်အကြောင်းမေးချင်ခဲ့တာဖြစ်သည်။ သူမက်တဲ့အတိုင်း မက်လားဆိုပြီးတော့ပင်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့တွေ့ဆုံချိန်လေးက တိုတောင်းလွန်းခဲ့သည်။ တွေ့ခွင့်ရတဲ့ အခိုက်အတန့်မှာလည်း ချောချောချူချူ မဖြစ်ခဲ့ပေ။ ဒါကြောင့်ပဲ Phuwinမှာ ထိုတစ်ယောက်အကြောင်းကို တွေးမိနေလေသည်။

အိမ်မက်ထဲက တစ်ယောက်အကြောင်းကို တွေးမိနေသည်မှာ အိမ်ပြန်လာတဲ့အထိပင် ဖြစ်သည်။ အိမ်ပြန်ရောက်တော့မှ ကြောင်ဝါလေးရဲ့ ကြိုဆိုသံကိုကြားပြီး Phuwinတစ်ယောက် သတိပြန်လည်လာခဲ့တော့သည်။ ကြောင်ဝါလေးမှာ သူ့ကို ပွတ်သပ်နေလေသည်။ ဒီတော့မှ ကြောင်စာထုပ်လေး ဝယ်ခဲ့ဖို့ မေ့ခဲ့တာကို Phuwinစဥ်းစားမိတော့သည်။ ဒါနဲ့ ကြောင်ဝါလေးကို ပွတ်သပ်ပေးပြီး ချော့မြူပြောဆိုနေလေသည်။

" ဝါလေးရေ...ကိုကို ကြောင်စာထုပ်လေး မေ့ကျန်ခဲ့လို့နော်...မနက်ဖြန်ကျ ဝယ်လာပေးမယ်နော် "

ကြောင်ဝါလေးကတော့ တညောင်ညောင်နဲ့ Phuwinကို အော်ပြောနေပါတော့သည်။

" အမလေး...ခဏတုန်းကတော့ ငါ့ပေါ်မှာ အိပ်နေတာ...သူ့ကိုအစာဝယ်ပေးမယ်ပြောတဲ့သူ ပြန်လာတာနဲ့ ထသွားရော...ကဲ အခုတော့ ဟိုက အစာမပါလာဘူး...ငါ့ဆီမလာနဲ့ကြောင်ချေလေး "

အမေဖြစ်သူ စကားကြောင့် Phuwinပြုံးမိလိုက်သည်။

" ကဲ...သားလည်း ကြောင်ကိုအသာထား...အလုပ်ကပြန်လာတာမလား...ပင်ပန်းနေရောပေါ့...ကဲ အပေါ်တက် လုပ်စရာရှိတာလုပ်...ပြီးရင် ညစာစားကြမယ်...ဟုတ်ပြီလား "

" ဟုတ်ပါပြီ ခင်ဗျ...ဟုတ်ပါပြီ " လို့ ပြန်ဖြေပြီး Phuwinလည်း အခန်းရှိရာအပေါ်ထပ်သို့ တက်သွားလိုက်ပါလေသည်။

ပစ္စည်းတွေထားပြီးတော့ ရေမိုးချိုးဖို့အတွက် Phuwin အောက်ပြန်ဆင်းလာလေသည်။ ရေမိုးချိုးပြီးသွားတာနဲ့ အမေဖြစ်သူနဲ့အတူ ညစာတည်ခင်းကြလေသည်။ ညစာစားပြီးသွားတော့ ပန်းကန်တွေဆေးကြောပြီး အခန်းထဲမှာစာအုပ်ဖတ်နေပါလေသည်။ အမေဖြစ်သူကတော့ ဘုရားရှိခိုးဘာညာ လုပ်နေတော့သည်။ Phuwinကတော့ စာအုပ်ဖတ်နေရင်း နေ့လည်ကအကြောင်းကို စဥ်းစားမိတော့သည်။ စာအုပ်ဆိုင်မှာဖြစ်ခဲ့တာကိုပြန်တွေးပြီး ပြုံးစိစိလုပ်နေလေသည်။ ပြီးတော့ ပြုံးစိစိလုပ်နေရာကနေ မျက်နှာညိုးသွားလေတော့သည်။ အမှန်တော့ ပြန်မတွေ့မှာကို Phuwinစိုးရိမ်နေလေသည်။ ပြီးမှ အိမ်မက်ထဲမှာပြန်တွေ့ရမှာဘဲလို့ တွေးပြီး Phuwinတစ်ယောက်လည်း ဖတ်လက်စ စာအုပ်ကိုပိတ်ကာ အိပ်ရာဝင်လိုက်ပါလေသည်။ ခေါင်းနဲ့ ခေါင်းအုံးထိလိုက်စဥ်မှာပင် Phuwinအိပ်ပျော်သွားပါတော့သည်။

ထုံးစံအတိုင်း Phuwinတစ်ယောက် အိမ်မက်မက်ရင်း လန့်နိုးလာလေတော့သည်။ ပြီးတာနဲ့အလုပ်သွားဖို့ ပြင်ဆင်လေသည်။ ဒီနေ့တော့အိပ်ရာထ နောက်မကျတာကြောင့် အမေဖြစ်သူနဲ့အတူ မနက်စာ အတူတူ စားခဲ့လေသည်။ မနက်စာ စားပြီးတာနဲ့အလုပ်သွားဖို့ လုပ်တော့သည်။ အိမ်ကမထွက်ခင် ကြောင်လေးကိုလည်း ပွတ်သပ်ပေးပြီး ချော့မြူလိုက်သေးသည်။ ပြီးတာနဲ့ အိမ်ကထွက်ခဲ့လိုက်လေသည်။ ကားမှတ်တိုင်ကိုရောက်လို့ ကားစောင့်နေတုန်းမှာ Phuwinတစ်ယောက်တစ်ခုခုကို စဥ်းစားနေလေသည်။ ထိုသည်ကတော့ အိမ်မက်ထဲကတစ်ယောက်နဲ့ ထပ်တွေ့ဖို့ပင်ဖြစ်သည်။

ဘာကြောင့်ရယ်မသိ Phiwinလည်း ထပ်တွေ့ချင်စိတ်ဖြစ်နေမိသည်။ ထပ်တွေ့မယ်ဆိုပြီးတော့လည်း Phuwinယုံကြည်ထားလေသည်။ ဒီတော့ Phuwinလည်း စဥ်းစားတာရပ်ပြီး ကားပေါ်တက်သွားလိုက်တော့သည်။

အလုပ်ကို ရောက်တော့ Phuwinမှာ တမျှော်မျှော်တခေါ်ခေါ်ဖြင့် ဖြစ်လို့နေလေသည်။ စာအုပ်ဆိုင် ရောက်လာသူတိုင်းကို လိုက်ကြည့်နေလေတော့သည်။ အိမ်မက်ထဲကသူ မဟုတ်လျှင်လည်း Phuwinမှာ စိတ်ပျက်လို့သွားလေသည်။ ဒီလိုနဲ့ နေ့လည်ဘက်ကိုရောက်တော့ Phuwinမှာ စာအုပ်တွေကို သပ်သပ်ရပ်ရပ်လေး ပြန်စီနေလေသည်။ ထိုချိန်မှာပဲ Phuwinဘေးသို့ တစ်ယောက်ယောက် ရောက်လာလေသည်။ Phuwinကတော့ လှည့်မကြည့်ပဲ ဒီအတိုင်း စာအုပ်သာ စီနေပါလေသည်။ ဒီတွင်ပဲ သူ့ကိုစကားလာပြောတာကို သိလိုက်ရလေသည်။

" ဟို...ညီလေး..."

ခေါ်သံကြားလိုက်ရတာကြောင့် Phuwinလည်း လှည့်ကြည့်လိုက်လေသည်။ မထင်မှတ်စွာဘဲ အိမ်မက်ထဲကသူကို ထပ်တွေ့လိုက်ရတာကြောင့် Phuwin အနည်းငယ် ဝမ်းသာသွားလေသည်။

" ဟုတ်...ပြောပါ အစ်ကို...ဘာစာအုပ်ထပ်ရှာပေးရမလဲ "ဆိုကာ Phuwinမေးလိုက်သည်။

" ဟို...ဟိုလေ...ခုက စာအုပ်ရှာပေးဖို့ မဟုတ်ပါဘူး "

" အော်...ဟုတ်ကဲ့ပါ...ဒါဆို ဘာများကူညီပေးရမလဲ ခင်ဗျ "

" အစ်ကို...ညီ့ကို မုန့်လိုက်ဝယ်ကျွေးလို့ရမလား...မေးမလို့ပါ "

" ဟို...အဲ့တာက " ဆိုကာ Phuwinတစ်ယောက် စကားထစ်နေလေသည်။

" ဘာကိစ္စမှတော့ မဟုတ်ပါဘူး...မနေ့က အစ်ကို့ကို စာအုပ်ရှာပေးထားလို့လေ...အဲ့တာ ကျေးဇူးတင်တဲ့ အနေနဲ့ပါ "

" ဟုတ်...အလုပ်ချိန်ကြီးမလို့လေ...မရလောက်ဘူး "

" ဟုတ်လား...ဒါဆို ညီက ဘယ်ချိန်လောက်အားမှာလဲ "

" ညနေ...ဆိုင်ပိတ်ချိန်လောက်ပေါ့..."

" ရတယ်လေ...ခုတောင် နှစ်နာရီရှိနေပြီဘဲ...အစ်ကို စာအုပ်ဖတ်လို့ရတဲ့နေရာလေးမှာ စာအုပ်ဖတ်ပြီးစောင့်နေလိုက်မယ် "

ထိုသူလည်း ပြောပြီးသွားတော့ Phuwinလည်း စာအုပ်တွေပြန်စီနေလိုက်သည်။ ထိုသူကတော့ စာအုပ်သွားဖတ်နေလေတော့သည်။ Phuwinကတော့ စာအုပ်တွေစီလိုက်၊ စာအုပ်တွေလိုက်ရှာပေးလိုက်လုပ်နေရင်း ထိုသူကို ချောင်းချောင်းကြည့်နေမိလေသည်။ ပြီးတော့လည်း ရင်တွေခုန်နေတော့သည်။ ထိုသူကတော့ စာအုပ်ကိုသာ အာရုံစိုက်ပြီး ဖတ်နေလေသည်။ ဒီလိုနဲ့ပဲ ဆိုင်ပတ်ချိန်ရောက်တော့ Phuwinကနေပြီးတော့ ထိုသူကိုသွားပြောရလေတော့သည်။

" အစ်ကို...ညီတို့ ဆိုင်ပိတ်တော့မှာ..."

" ဟုတ်လား...ဒါဆို မုန့်လိုက်ကျွေးလို့ရပြီပေါ့..."

" အင်း...အဲ့လိုပဲ ဆိုပါတော့...ဟို... အစ်ကို အပြင်က စောင့်နေလိုက်ပါလား...ညီ လုပ်စရာရှိတာလုပ်ပြီး ထွက်ခဲ့မယ်လေ..."

" ဟုတ်ပြီ..." လို့ ပြန်ဖြေပြီး ထိုသူမှာ စာအုပ်ကို သိမ်းပြီး ဆိုင်ပြင် ထွက်သွားတော့သည်။

ဘယ်လောက်မှ မကြာလိုက် Phuwinလည်း ဆိုင်က ထွက်လာပါလေသည်။ ပြီးတော့ ထိုသူနားသို့ သွားလိုက်တော့သည်။

" သွားကြမယ်... "ဆိုပြီး ပြောလာတော့ Phuwinလည်း ခေါင်းသာညိတ်ပြလိုက်လေသည်။

ဒါနဲ့နှစ်ယောက်သား လမ်းလျှောက်ပြီး ဆိုင်တစ်ဆိုင်သို့သွားကြတော့သည်။ သွားနေကြတဲ့အချိန်မှာလဲ တစ်ယောက်နဲ့တစ်ယောက် အနေရခက်ဖြစ်နေတာကြောင့် စကားမကြောကြပေ။ လမ်းအတော်ကြာလျှောက်ပြီး ကော်ဖီဆိုင် တစ်ဆိုင်သို့ရောက်တော့ ရပ်လိုက်ကြလေသည်။

" ဒီကော်ဖီဆိုင်မှာထိုင်ကြမလား...ညီ "

" ဟုတ်...ရပါတယ် " လို့ Phuwinပြန်ဖြေလိုက်လေသည်။

ကော်ဖီဆိုင်လေးထဲရောက်ပြီး ကော်ဖီတွေမှာပြီးလို့ လာတောင်ချပေးနေပြီကို နှစ်ယောက်သားမှာ စကားမပြောဖြစ်ကြသေးပေ။ ကော်ဖီလေးသောက်ပြီး ဟိုကြည့်ဒီကြည့်သာ လုပ်နေကြလေသည်။ ပြီးကာမှ ဟိုဘက်ကနေပြီး စကားစပြောလာတော့သည်။

" ဟို...အစ်ကို့နာမည်က...Naravit...Khun Naraလို့ ခေါ်ချင်ခေါ်လို့ရပါတယ် "

" ဟုတ်...ဟုတ်ကဲ့...ကျွန်တော့်နာမည်က Phuwinပါ..."

တစ်ယောက်နဲ့တစ်ယောက်ပြောပြီး ပြန်ငြိမ်သွားကြတော့လေသည်။ ဘာမှလည်း ဆက်မပြောဖြစ်ကြတော့ပေ။ ဒီတွင်ပဲ Phuwinကနေပြီး ပြန်စပြောလိုက်ပါလေသည်။

" ဟိုလေ...အစ်ကို့အနေနဲ့ ညီ့ကို ရင်းနှီးနေသလိုမျိုးမခံစားရဘူးလား...ဟင် "

" ဘာလို့လဲ...ဘာလို့ အဲ့လိုမေးတာလဲ..."

" မဟုတ်ပါဘူး...ဒီအတိုင်းပါပဲ...ညီက အစ်ကို့ကိုရင်းနှိနေသလိုမျိုး ခံစားနေရလို့ပါ..."

" အော်...ဖြစ်တတ်ပါတယ်...ဒီအတိုင်း တစ်နေရာရာမှာ တွေ့ဖူးလို့နေမှာပေါ့ "ဆိုကာ Naravitမှ ပြန်ဖြေလေသည်။

" ဟုတ်...အစ်ကို..."

" အစ်ကိုတို့တွေ ဒီနေ့ကစပြီး သူငယ်ချင်းလုပ်ကြမလား..."

" ဟမ်...ဟုတ်...ရပါတယ်...အစ်ကို..."

" စာအုပ်အကြောင်းတွေ ပြောလို့ရတယ်လေ...ညီ့ကို ကြည့်ရတာ စာအုပ်ဖတ်မဲ့ ပုံဘဲ "

" ဟုတ်...ဖတ်ပါတယ် အစ်ကို..."

" ဒါဆို အတော်ပဲဖြစ်သွားတာပေါ့...ညီနဲ့ အားတဲ့အချိန်တွေ စာအုပ်အကြောင်းဆွေးနွေးလို့ ရသွားတာပေါ့ "

Phuwinမှာ ဘာမှမပြောဘဲ Naravitကိုသာ ပြုံးပြပြီးခေါင်းညိတ်ပြလိုက်လေသည်။ ပြီးတော့နှစ်ယောက်သား ကော်ဖီဆက်သောက်ကြလေသည်။ စာအုပ်အကြောင်းလဲ ပြောဖြစ်ခဲ့ကြသည်။ အချိန်တော်တော်လေး ကြာတော့မှ ကော်ဖီဆိုင်မှ ထွက်လာခဲ့ကြလေသည်။ ပြီးတာနဲ့ နှစ်ယောက်သား လမ်းခွဲကြပြီး အိမ်ပြန်ကြလေသည်။ Phuwinကတော့ ပျော်လို့နေသည်။ ဘာကြောင့်ဆို အိမ်မက်ထဲကသူနဲ့ တစ်ကယ်ဆုံတွေ့ပြီး ရင်းနှီးခွင့်ရခဲ့လို့ပင်ဖြစ်သည်။ အဲ့နေ့က Phuwinတစ်ယောက် ပျော်ပျော်ကြီးဖြင့် အိမ်ပြန်သွားခဲ့လေသည်။

ကြောင်စာထုပ်လေးကိုလည်း ဝယ်သွားရင်းနှင့်ပေါ့။

ဒီလိုနဲ့ Phuwinမှာ Naravitနှင့် ပိုပြီး ခင်မင်ရင်းနှီးလာပါတော့သည်။ Naravitမှာ နေ့လည်ဘက်ဆို Phuwinအလုပ်လုပ်နေတဲ့ စာအုပ်ဆိုင်သို့ရောက်လာကာ စာအုပ်လာဖတ်လေ့ရှိသည်။ သို့မဟုတ်ရင်လည်း စာအုပ်လာရှာပြီး ထိုစာအုပ်ကိုထိုင်ဖတ်နေတတ်လေသည်။ စာအုပ်ရှာခိုင်းရင်လည်း Phuwinကိုသာရှာခိုင်းလေသည်။ စာဖတ်တဲ့အချိန်တွင်လည်း Phuwinကိုချောင်းချောင်းကြည့်လေသည်။ Phuwinကတော့ရိပ်မိပေမယ့် အလုပ်လုပ်နေရတော့ သတိမထားမိပေ။ ဆိုင်ကဝန်ထမ်းတစ်ချို့ကတော့ Naravitရဲ့အကြည့်တွေက မရိုးသားဘူးဆိုကာ Phuwinကိုလာပြောကြပါလေသည်။ Phuwinကတော့မဟုတ်ကြောင့်ပြန်ပြောရှာလေသည်။ ဒါပေမယ့်လည်း တစ်ခါတစ်လေကြရင်တော့ Phuwinလည်း ခံစားမိလေသည်။ ဆိုင်က ဝန်ထမ်းတွေကတော့ Phuwinကိုမေးကြည့်ဖို့ ပြောလေသည်။ Phuwinကတော့ မမေးရဲတာကြောင့် ဒီအတိုင်း စာအုပ်အကြောင်းပဲ ပြောကြလေသည်။

တစ်ရက်ကြတော့ Phuwinရဲ့ ပိတ်ရက်ဖြစ်တာကြောင့် တွေ့ဖို့ချိန်းလာပါလေသည်။ ဒီတော့ Phuwinတို့ ပထမဆုံးတွေ့ကြတဲ့ ကော်ဖီဆိုင်မှာတွေ့ကြလေသည်။ ထုံးစံအတိုင်းကော်ဖီတွေသောက်ရင်း စာအုပ်အကြောင်းပြောကြလေသည်။ ပြီးတော့လည်း Phuwinကို လက်ဆောင်တွေ ပေးလာပါသေးသည်။ Phuwinမှာ အားနာကြောင်းပြောနေရလေသည်။

" မယူပါရစေနဲ့...အစ်ကို "

" ယူပါ...အစ်ကိုက စာအုပ်ကိုချစ်မြတ်နိုးတဲ့ ဘယ်သူကိုမဆို ချစ်လို့ပါ "

Khun Naraစကားကြောင့် Phuwinမှာ ကြောင်အမ်းအမ်းဖြစ်သွားရလေသည်။

" ဟမ်...အစ်ကို့စကားကလည်း...."

" အစ်ကို ကွေ့ပတ်ပြီး မပြောချင်တော့ဘူး ညီ...အစ်ကို ညီ့ကို ချစ်တယ်..."

Naravitစကားကြောင့် Phuwin မှာ ကော်ဖီသောက်နေရင်း သီးသွားပါလေသည်။ Naravitလည်း တစ်ရှူးထုတ်ပြီး Phuwinကိုသုတ်ပေးလေသည်။ Phuwinလည်း စစချင်းတော့ ရှောင်လိုက်ချင်ပေမယ့် ကိုယ်တိုင်ကလည်း သဘောကျနေတာကြောင့် ငြိမ်နေမိလေသည်။

" ရရဲ့လား...ညီ "

Naravitက မေးတော့ Phuwinလည်း ခေါင်းသာညိတ်ပြလေသည်။

" ဟို...အဖြေက ချက်ချင်း မပေးလည်း ရပါတယ်...ညီ့အနေနဲ့ စဥ်းစားချိန်တော့ လိုမှာပေါ့ "

" ညီလည်း...အစ်ကို့ကိုချစ်ပါတယ်...အမှန်တော့ ညီက အစ်ကို့ကို မတွေ့ခင်တည်းက ချစ်မိနေတာပါ...ပြောပြရင် ရှုပ်တော့ရှုပ်တယ်...ဘယ်လိုပြောပြရမလဲ မသိတော့ဘူး "

" ရပါတယ်...ရှင်းပြစရာမလိုပါဘူး...ညီ အစ်ကို့ကို ချစ်ရင်ဘဲ ရပါပြီ"

" ဟုတ် "

" ဘယ်သွားချင်သေးလဲ...ကိုယ် လိုက်ပို့မယ်လေ "

" ရပါပြီ...အစ်ကိုရှိနေရင်ကိုပဲ ကျေနပ်နေပြီ "

" ဟုတ်ပါပြီဗျာ..."

ဒါနဲ့ပဲ Phuwinနဲ့ Naravitတို့ ချစ်သူတွေဖြစ်သွားခဲ့ကြလေသည်။ Phuwinမှာ Naravitနဲ့ချစ်သူတွေ ဖြစ်သွားပြီးတဲ့အချိန်မှာပဲ အိမ်မက်တွေ ထပ်မမက်တော့ပေ။ အိမ်မက်တွေ ထပ်မမက်တော့ အဆိုးတွေရောက်လာခဲ့မှာကို Phuwinသတိမေ့နေခဲ့လေသည်။ အိမ်မက်ထဲတွင် သူတို့နှစ်ယောက်ပျော်ရွှင်နေကြတာဆိုပေမယ့် အိမ်မက်ရဲ့အဆုံးမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ Phuwinသာ အသိဆုံးဖြစ်လေသည်။ ထိုသည်ကို မေ့နေခဲ့တော့သည်။

ဒီလိုနဲ့ပဲ နှစ်ယောက်သားတွေဖို့ ချိန်းကြလေသည်။ Phuwinမှာ နားရက်မို့ ဘုန်းကြီးကျောင်းသွားချင်တယ်ဆိုပြီး ပြောထားသောကြောင့်ဖြစ်သည်။ ကုသိုလ်အတူတူယူပြီး ရေစက်ထပ်ဆက်ချင်သေးတာကြောင့်ဖြစ်လေသည်။ နှစ်ယောက်သားအတူသွားမှာမလို့ တစ်နေရာမှာအတူချိန်းထားလိုက်ကြလေသည်။ ဒီတွင် Phuwinမှ ကြိုရောက်နေတော့သည်။ ဘုန်းကြီးကျောင်းသွားမှာမလို့ ရှပ်အင်္ကျီအဖြူလေးနဲ့ စတိုင်ပန့်လေးကို သပ်သပ်ရပ်ရပ်ဝတ်ထားပြီး ချစ်သူအလာကိုစောင့်နေပါလေသည်။ ထိုချိန် Phuwinသို့ ဖုန်းဝင်လာလေသည်။

" ဟယ်လို...အစ်ကို "

" ကိုယ် ရောက်ပြီနော်..."

" ဘယ်မှာလဲ မမြင်ရဘူး..."

" ဒီဖက်လမ်းမှာလေ...ညီရဲ့ "

Phuwinလဲ တစ်ဖက်လမ်းကို လှမ်းကြည့်လိုက်လေသည်။ တက်စီပေါ်က ဆင်းလာတဲ့ ချစ်ရသူကိုတွေ့လိုက်ရတော့ Phuwinပြုံးလိုက်မိလေသည်။ ပိုလိုရှပ်အင်္ကျီအဖြူရောင်လေးကို ဂျင်းအပြာလေးနဲ့မို့ Naravitမှာ သန့်ပြန့်နေတော့သည်။ ဒါနဲ့ Phuwinလည်း ဖုန်းချပြီး လက်ပြလိုက်လေတော့သည်။ Naravitလည်း Phuwinလက်ပြတာကိုမြင်ပြီး လက်ပြန်ပြလာလေသည်။ Phuwinကတော့ ပြုံးလိုက်ပါလေသည်။ ပြုံးလိုက်ပြီး မကြာ Phuwinခေါင်းထဲ အိမ်မက်အကြောင်းကြီး ဝင်လာတော့သည်။ ဒီတော့ အပြုံးရိပ်သန်းနေတဲ့ Phuwinမှာ စိုးရိမ်စိတ်တွေဖြင့် Naravitကို ကြည့်လိုက်ပါတော့သည်။ Naravitမှာ လမ်းကူးဖို့ ပြင်နေလေသည်။

တစ်ဖက်က လမ်းကူးလာမယ့် Naravitမှာလည်း Phuwinကိုတွေ့ပြီး ပြုံးလိုက်ပါလေသည်။ ပြီးနောက် လမ်းကူးမလို့ လုပ်နေစဥ်မှာ လက်သန်းလေးကနေ ကြိုးနီလေးတစ်ချောင်းပေါ်လာတာကို သူ မြင်လိုက်ရလေသည်။ ကြိုးနီလေးကိုမြင်လိုက်ရတော့ ဘာဆက်ဖြစ်မလဲဆိုတာ Naravitသိလိုက်ပါတော့သည်။ ဗေဒင်ဆရာမ ပြောထားတဲ့အတိုင်း အရင်ဘဝကချစ်ကြိုက်ခဲ့သူနဲ့တွေ့လိမ့်မယ်ဆိုတာရယ်၊ အိမ်မက်ရယ်၊ ကြိုးနီလေးရယ် ဖြစ်သည်။ ကြိုးနီလေးကိုအရင်မြင်တဲ့သူက အရင်ထွက်သွားရမယ် ဆိုတာရယ်ပေါ့။ Naravitမှာ ကြိုးနီလေးကိုမြင်တော့ စိတ်မကောင်းဖြစ်ပေမယ့် Phuwinကို အပြုံးကိုသာမြင်စေချင်တဲ့အတွက် ပြုံးသာပြုံးထားပါလေသည်။ ပြီးတော့ လမ်းဖြတ်ကူးလာဖို့ လုပ်နေတဲ့ Naravitကိုမြင်တော့ Phuwinမှာ တားဖို့အတွက် လမ်းကူးဖို့ပြင်လိုက်လေသည်။ ဒါပေမယ့် အခွင့်မသာခဲ့ပေ။ ကားတွေဟာတရစပ်ဖြတ်သွားနေလို့ပင် ဖြစ်သည်။ Phuwinမှာတော့ ပြာပြာသလဲဖြင့် ကားတွေကိုကြည့်လိုက်၊ ချစ်ရသူကိုကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။ တစ်ဖက်က Naravitကလည်း လမ်းဖြတ်ကူးလာနေလေသည်။ ဒီတွင်ဘဲ Phuwinတစ်ယောက်လည်း အရဲစွန့်ပြီးတော့ ကားလမ်းပေါ်ဆင်းလိုက်ပြီး ကားဖြတ်ကူးဖို့ကြိုးစားလေတော့သည်။ Naravitမှာလည်း Phuwinလမ်းဖြတ်ကူးလာတာကို တွေ့လိုက်ရသဖြင့် ခပ်မြန်မြန်ပဲ လမ်းဖြတ်ကူးပါတော့သည်။ ထိုအချိန်မှာပဲ Phuwinတစ်ခုခုဖြစ်မှာကို စိုးရိမ်နေတဲ့ Naravitကို ကုန်ကားတစ်စီးက တိုက်သွားလေတော့သည်။

"အစ်ကို!!!!!!"

ကားလမ်းပေါ်တွင်လည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေသည်။ Phuwinမှာ မျက်စိရှေ့ကမြင်ကွင်းကြောင့် ထိတ်လန့်သွားလေတော့သည်။ အသံနက်ဖြင့် အော်ခေါ်လိုက်ပေမယ့် နောက်ကျသွားလေသည်။ Phuwinလည်း မယုံနိုင်ဖြစ်လျက် တစ်ဖက်လမ်းသို့ ကူးသွားလိုက်လေသည်။ Phuwinလည်း Naravitကို သွေးအိုင်တွေကြားမှာတွေ့လိုက်ရလေသည်။ ပြီးနောက် ကြောင်အအဖြင့် ရပ်ကြည့်နေမိလေသည်။ အနီးအနားက ကားသမားတွေကတော့ လူနာတင်ယာဥ်ကို လှမ်းခေါ်နေကြလေသည်။ Phuwinခမျာ ကြောင်အအလေးဖြင့် ရပ်ကြည့်နေရာကနေ အသိပြန်ဝင်လာကာ Naravitနားသို့ သွားပြီးအော်ငိုနေမိလေတော့သည်။

"အစ်ကို!!!"

" ဘာမှမဖြစ်ဘူးနော်အစ်ကို...ညီ အစ်ကို့ကိုဆေးရုံခေါ်သွားပေးမယ်...အစ်ကို...ညီ့ကို မထားခဲ့ရဘူးနော်...အစ်ကို ထွက်မသွားရဘူးနော်..."

Phuwinရဲ့အင်္ကျီအဖြူလေးတွင် Naravitရဲ့သွေးသံရဲရဲတွေက နေရာယူလို့ထားလေသည်။ ကားသမားတွေကတော့ ဒီအတိုင်းကြည့်နေကြလေသည်။ နောက်တော့ လူနာတင်ယာဥ်ရောက်လာတော့သည်။ ဝန်ထမ်းတွေလည်း Phuwinကို စိတ်အေးဖို့ပြောပြီး ဆေးရုံသို့ ခေါ်သွားခဲ့လေတော့သည်။

အချိန်ကုန်တာလည်း မြန်လှလေသည်။ Naravitရဲ့ ရက်လည်နေ့လေးကို ဘုန်းကြီးကျောင်းတွင်အလှူပေးကြလေသည်။ Phuwinလည်း Naravitတို့ မိဘတွေနဲ့ အတူတူ လိုက်သွားခဲ့လေသည်။ Phuwinကတော့ အခုထိကို မယုံကြည်နိုင် ဖြစ်လို့နေလေသည်။ ပြီးတော့လည်း ငူငူငိုင်ငိုင်ဖြင့်သာ ဘုန်းကြီးကျောင်းဝန်းထဲက ညောင်ပင်နားလေးမှာ နေနေလေသည်။ ဒီတွင် Naravitရဲ့အမေကနေမှ Phuwinကို စကားလာပြောတော့သည်။

" သားလေး..." ဆိုကာ စခေါ်လာလေသည်။

" ဟုတ်...အန်တီ " ဆိုပြီး Phuwinတိုးညင်းစွာ ပြန်ဖြေလိုက်သည်။

" သားခံစားနေရမယ်ဆိုတာ...အန်တီ သိပါတယ်ကွယ်...အန်တီလည်း...သားလိုပါပဲ...မယုံနိုင်ဘူး...ဒါပေမယ့်လေ သူက သားကိုချစ်တာတော့ အန်တီသိတယ်...သူက သားအကြောင်းလေးတွေအမြဲပြောပြဖြစ်တယ် "

" အစ်ကိုက လူကောင်းတစ်ယောက်ပါ အန်တီ...လူကောင်းတစ်ယောက်က ဒီလိုမျိုး ထွက်မသွားသင့်ဘူး...အမှန်တော့ အစ်ကို့ကို ကယ်ဖို့ ကားလမ်းပေါ်ဆင်းခဲ့လိုက်မိတာ...မဆင်းခဲ့လိုက်ရင်ကောင်းသား...ခုတော့ "

" သားရယ်...သားကြောင့် မဟုတ်ပါဘူး...အမှန်တော့ အန်တီ့သားက သူ့ရဲ့သေနေ့ကို သိနေခဲ့တာပါ "

Naravit အမေရဲ့စကားကြောင့် Phuwinအံ့ဩသွားရလေသည်။

" ရော့...ဒါက အန်တီ့သား သူတစ်ခုခုဖြစ်ခဲ့ရင် သားကိုပေးဖို့ဆိုပြီး အန်တီ့ကို ပေးထားခဲ့တာ "

Naravitရဲ့ အမေမှာ Phuwinကို စာလေးတစ်စောင်ပေးပြီး ဘုန်းကြီးကျောင်းထဲ ပြန်ဝင်သွားလေသည်။ Phuwinကတော့ မျက်ရည်လေးများဖြင့် စာလေးကိုဖတ်လိုက်ပါတော့သည်။

" အခု ဒီစာကို ညီ ဖတ်နေရပြီဆိုရင် ကိုယ်ဒီဘဝမှာ မရှိတော့လို့ပေါ့နော်...ကိုယ် ဒီစာကိုမရေးချင်ပေမယ့်လည်း ညီ့ အတွက်ရေးထားခဲ့မယ်လို့ တွေးမိလို့ ရေးလိုက်ရတာပါ...ဒီစာကို ဖတ်နေရင်းနဲ့ ကိုယ့်ကိုစိတ်မဆိုးနဲ့နော်...ကိုယ် ညီ့ကို ချစ်တာ ညီ သိတယ်မလား...ကိုယ့်ဘဝမှာ ညီ့ကို အချစ်ဆုံးပဲလေ...အမှန်တော့ ဒီစာကိုရေးရတဲ့အကြောင်းအရင်းက ထပ်ရှိသေးတယ်...ပြောရရင်တော့ ရှုပ်ပေမယ့်လည်း...ညီ့ကို အသိပေးရမယ်ထင်ပြီး ရေးလိုက်တာ...ကိုယ်က ကိုယ့်သေနေ့ကို သိနေတဲ့သူလို့ ပြောရင် ညီ ယုံမလား...ကိုယ့်ကို ဟာသပြောနေတယ်လို့ ထင်မှာပဲမလား...ပြောရရင် ကိုယ် ငယ်ငယ်က အမေတို့ကနေပြီး ကိုယ်နေမကောင်းလို့ ဗေဒင်သွားမေးခဲ့တယ်...အဲ့မှာ ဗေဒင်ဆရာမက ကိုယ့်ကို အရင်ဘဝက ချစ်သူနဲ့ပြန်ဆုံလိမ့်မယ်လို့ ပြောတယ်...အဲ့တာနဲ့ အသက်အရွယ်ရောက်လာတော့ ညီနဲ့ ဆုံခဲ့တယ် ထင်ပါတယ်...ကိုယ် အိမ်မက်တွေ မက်ခဲ့တယ် ညီနဲ့တစ်ပုံစံထဲသူပေါ့...ပြီးတော့လည်း အိမ်မက်က အရင်ဘဝက အိမ်မက်တွေလို့ထင်တာပါပဲ...အိမ်မက်ထဲမှာ အစ်ကိုနဲ့ ညီက အရမ်းတွေ ပျော်ရွှင်နေကြတာ...ပြီးတော့ ညီက အစ်ကို့ဘဝထဲကနေ စောပြီးထွက်သွားခဲ့တယ်...အိမ်မက်အကြောင်းကို ဗေဒင်ဆရာမဆီထပ်သွားမေးတော့ အစ်ကိုနဲ့ ညီနဲ့က အဲ့လိုဖြစ်ဖို့ ကံပါလာတာတဲ့လေ...ပြန်တွေ့ကြရင်လည်း အရင်ဘဝလိုပဲ ဖြစ်မှာပဲတဲ့လေ...ဒီတစ်ခုကတော့ အရင်ထွက်သွားရမယ့်သူက လက်သန်းကကြိုးနီလေးကို အရင်တွေ့လိမ့်မယ်တဲ့...နှစ်ယောက်လုံး ပြိုင်တူကြိုးနီလေးကို မတွေ့မချင်း ဘဝအဆက်ဆက်ဒီလိုပဲဖြစ်နေမှာပဲတဲ့လေ...ဘယ်လိုကံကြမ္မာပါလဲ ရင်နာလိုက်ရတာ...ညီ ဒီစာကိုဖတ်နေရင်တော့ ကိုယ်က ကြိုးနီလေးကိုအရင်တွေ့သွားခဲ့လို့နေမယ်...ညီ့ကို တစ်ယောက်ထဲထားခဲ့ရလို့ တောင်းပန်ပါတယ်...ကိုယ်တို့ အခု မဆုံစည်းရလည်း နောက်ဘဝမှာတော့ စောစောတွေ့ကြရင် ကောင်းမယ်...ကိုယ်မျက်ရည်တွေ ကျလာပြီ ရေးနေရင်းနဲ့...မငိုဘူးလို့ တွေးထားတာ ခုတော့ ငိုမိနေပြီ...ဆိုတော့ ဒီလောက်နဲ့ပဲ ကိုယ်ရေးလိုက်တော့မယ်...ညီ ကိုယ့်အတွက် ပျော်ရွှင်အောင်နေပေးပါနော်...ပြီးတော့ နောက်တစ်ယောက်တွေ့ခဲ့ရင်လည်း ကိုယ့်ကိုမမေ့သွားနဲ့နော်...ချစ်တယ် ညီ "

စာကို ဆုံးအောင်ဖတ်ပြီးသွားတဲ့ အချိန်မှာ Phuwinတစ်ယောက် အားရပါးရငိုပါတော့သည်။

" ဘာလို့ မပြောပြခဲ့တာလဲ...ဘာလို့လဲ...ပြောပြရင် ညီတို့ တစ်ခုခုလုပ်နိုင်မှာပေါ့...ဘာလို့ တစ်ယောက်ထဲ လုပ်နေရတာလဲ...ဘာလို့လဲ...ညီ ဘယ်လိုလုပ်ရမလဲ...ညီ တစ်ယောက်ထဲ ဘယ်လိုနေရမလဲ..."

Phuwinမှာ ငိုပြီးရင်းငိုနေတော့သည်။ ပြီးတော့လည်း စာရွက်လေးကိုကျစ်ကျစ်ပါအောင် ကိုင်ထားလေသည်။

ညောင်ပင်ကြီးဟာလဲ လေယူရာ ယိမ်းနွဲ့နေတော့သည်။ •┈┈┈•┈┈┈•┈┈┈

နှစ်ငါးဆယ်ခန့်ကြာသော်

" အဖိုး...ညနေဘက်ကြီးအေးတယ်...မာဖလာလေး ခြုံထားနော် "

ဝှီးချဲပေါ်က အဖိုးကို ဘိုးဘွားရိပ်သာမှ ဝန်ထမ်းကနေပြီး ပြောနေပါလေသည်။

" အဖိုးကသနားပါတယ်...သူ့ကောင်လေးက သူ့ရှေ့မှာတင် အက်ဆီးဒန့်ဖြစ်တာကို မြင်ခဲ့ရတာတဲ့လေ...အဲ့နေ့ကစပြီး တစ်ယောက်ထဲပဲ နေတော့တာတဲ့..."

ဝန်ထမ်းတွေမှာ စကားတွေပြောရင်း တစ်ခြားနေရာသို့ သွားတော့သည်။

ဝှီးချဲလေးမှာ ကျန်ခဲ့တဲ့အဖိုးအရွယ် Phuwinမှာတော့ နေဝင်ရီတရောချိန်လေးကို ငေးကြည့်ရင်း ဘဝရဲ့နောက်ဆုံးအချိန်ကိုဖြတ်သန်းခဲ့လေသည်။ •┈┈┈•┈┈┈•┈┈┈

Flash back

Pond တစ်ယောက်ခေါင်းမကြည်စွာဖြင့် နိုးလာခဲ့သည်။ ညကသောက်တဲ့အရှိန်များသွားသောကြောင့် ဖြစ်သည်။ ဆံပင်ကို ဆွဲဖွကာ မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးပြီး ထလာတော့သည်။ ပြီးတော့ ရေချိုးခန်းထဲဝင်ကာ ရေချိုးဖို့ပြင်ရင်းမှန်ကိုကြည့်လိုက်သည်။ မျက်လုံးတွေအတော်ပင် ဖောင်းနေသည်။ ညကအတော်လေး ငိုခဲ့လို့ပင်ဖြစ်သည်။ ညကအကြောင်းပြန်တွေးမိတာနဲ့ ငိုချင်စိတ်ကလေးကပါ ရောက်လာခဲ့သည်။ ဘာကြောင့်မှန်းမသိ၊ ဘယ်သူမှန်းမသိတဲ့ သူကြောင့် ခုလိုဖြစ်နေရတာဟာ Pondအတွက်အဆင်မပြေပေ။ သူရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်သည်ဟု တွေးကာ ဖုန်းကိုင်လိုက်လေသည်။ Contactက နံပါတ်တစ်ခုကို ခေါ်လိုက်ပြီး

" ညက ငါသွားတဲ့barက ဝန်ထမ်းတွေအကြောင်း အကုန်စုံစမ်းထားပေး "

ပြောပြီးတာနဲ့ ဖုန်းချပြီး မှန်ထဲကြည့်ကာ အပြုံးတစ်ခုကိုအတွေးတစ်ခုဖြင့် ပြုံးလိုက်လေသည်။

ရေချိုးခန်းထဲက ထွက်လာတဲ့ Pondမှာ ခန္ဓာကိုယ်အချိုးအဆသည် လေ့ကျင့်ခန်းပုံမှန်လုပ်သူမို့ ကျစ်ကျစ်လစ်လစ်နဲကြည့်ကောင်းလှသည်။ တဘက်ကို ချက်အောက်နားကနေပတ်ထားသဖြင့် ကိုယ်ခန္ဓာအဖုအထစ်တွေက သူ့နေရာနှင့်သူ ရှိလို့နေသည်။

အပြင်သွားဖို့အတွက် ပြင်ဆင်ပြီးတာနဲ့ အိမ်အောက်သို့ဆင်းလာလေသည်။ ဖုန်းဆက်ပြီး ခိုင်းထားတာကြောင့် သူအရမ်းသိချင်နေပြီဖြစ်လေသည်။ ခြံဝန်းထဲက Pondစီးနေကျ ကားပေါ်ကိုတက်ကာ အရှိန်ဖြင့် မောင်းကာ ထွက်သွားတော့သည်။

Work shop သို့ ရောက်သည်နှင့် ချက်ချင်းပင် ခိုင်းထားသည်ကိုကြည့်လေသည်။

" အစ်ကိုလေး ရှာခိုင်းထားတဲ့ အချက်အလက်တွေပါ " ဟု Pondခိုင်းထားတဲ့ တစ်ယောက်မှာပြောလာလေသည်။

လှန်လော ကြည့်နေရင်း နောက်ဆုံးစာရွက်မှာ သူရှာနေတာတွေ့သွားလေသည်။ စာရွက်က ပုံကိုသေချာကြည့်လို့နေလေသည်။

" part time လုပ်တာလား...ဒါကြောင့် အရင်ကမတွေ့ဖြစ်ခဲ့တာကို..." ဟု တစ်ယောက်ထဲပြောကာ ပြုံးလိုက်လေသည်။

" ဒီတစ်ယောက်ကို ခေါ်လာခဲ့ပေး..."

" အဲ့တစ်ယောက် အကြောင်းက စုံစမ်းလို့မရပါဘူး အစ်ကိုလေး..."

" ဘာလို့လဲ "

" သူ့အချက်အလက်တွေက အကုန်အတုတွေပါ အစ်ကိုလေး...မနေ့ညကလဲ ရုတ်တရက်ကြီးဘာမှမပြောပဲ အလုပ်ချိန်မပြီးသေးပဲ ပျောက်သွားတယ်လို့ ပြောပါတယ် " ဟု Pondခိုင်းထားတဲ့ တစ်ယောက်က ပြန်ဖြေလေသည်။

Pondတစ်ယောက် အတော်စိတ်ရှုပ်သွားရသည်။ နောက်ဆုံးတော့ တွေ့ရတော့မယ် ထင်ထားခဲ့တာ ထပ်ပျောက်သွားပြန်လေသည်။

" ရအောင်စုံစမ်းထား...အဲ့တစ်ယောက်အကြောင်း အမြန်သိချင်တယ် " ဆိုကာ ကားသော့ကိုင်ပြီးထွက်သွားတော့သည်။

Dunk ရဲ့ art studioသို့ Joongရော Pondပါ ရောက်နေလေသည်။ Dunk မှာ ဆေးခြယ်နေရင်းဖြင့် ပြောလာသည်။

" အဲ့တော့... မင်းအိမ်မက်ထဲကကျောပြင်လေးအကြောင်း...ဘာမှမသိလိုက်ရဘူးပေါ့ "

" ဖြစ်နိုင်လို့လား...မင်းလူတွေ စုံစမ်းတာတောင် ချက်ချင်းမသိရဘူးဆိုတော့..." Joongက Dunkနောက်ကျောပေါ်မှီနေရင်းပင် ဝင်ပြောလာသည်။

" သူပဲပုန်းနိုင်မလား...ငါပဲရှာနိုင်မလား စောင့်ကြည့်နေလိုက် " ဟု Pondမှာ ပြန်ပြောလေသည်။

" တကယ်လို့...မင်းအိမ်မက်ထဲက ကျောပြင်လေးသာ မှန်နေခဲ့ရင်...မင်းဘာဆက်လုပ်မှာလဲ..." ဟု Dunkမှ မေးသည်။

" ငါ့အနားမှာ ခေါ်ထားမှာ..."

Dunkမှာ ဆေးခြယ်နေတာ ရပ်တန့်ပြီး အံ့ဩတဲ့အမူအရာဖြင့်လှည့်ကြည့်လာတော့သည်။ Pondကနေ ဆက်ပြောလာသည်။

" ငါအခုလို ဖြစ်နေရတဲ့ အကြောင်းအရင်းကို...သူပဲသေချာပေါက်ဖြေရှင်းပေးနိုင်မှာ...ဒါကြောင့် သူ့ကိုငါလိုအပ်တယ် " ဟု အတည်ပေါက်ကြီး ပြောလာတော့သည်။

" ဒါနဲ့ မနက်ဖြန် ငါ့အိမ်မှာ ပါတီရှိတယ်...လာခဲ့ကြအုန်း...လူကြီးတွေတော့ လာကြမှာကျိန်းသေတယ်..." ဟု Joong မှပြောလာတော့သည်။

" အေး...လူကြီးတွေပါ တက်ကြမှာဆိုတော့...လာခဲ့ရမှာပေါ့..." ဟု Pondကနေ ခနဲ့တဲ့လေသံလေးဖြင့်ပြောလေသည်။ ပြီးတော့

" ငါ ပြန်တော့မယ်...Joong... မင်းရော work shopကိုပြန်လိုက်မှာလား "

" ငါ Dunkနဲ့ အဖော်လုပ်ပေးလိုက်အုံးမယ်...သူတစ်ယောက်တည်းမလို့..." ဆိုကာ Dunkခါးကိုဖက်ကာ ပြန်ဖြေသည်။

Pondမှာ ခေါင်းတချက်ခါပြီးသာ ထွက်သွားတော့သည်။ •┈┈┈•┈┈┈•┈┈┈

ပါတီတွင်

စီးပွားရေးအရလုပ်ကြတဲ့ပွဲမို့ စီးပွားရေးအသိုင်းအဝိုင်းက လူကြီးတွေသာ ပိုများနေတော့သည်။ မိသားစုကိုယ်စီက သား သမီးတွေကိုပွဲထုတ်တဲ့ ပါတီဆိုလဲ မမှားပေ။

ခြံဝန်းကြီးထဲသို့ ကားအနက်ရောင်တစ်စီးနဲ့ ပြိုင်ကားအနက်ရောင် တစ်စီး ဝင်လာတာနဲ့ အားလုံးရဲ့အာရုံက ကားတွေဆီသာရောက်သွားတော့သည်။ ပထမတစ်စီးထဲမှ အသက်၄၅နှစ်အရွယ်လောက် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလက်ချင်းချိတ်ကာထွက်လာလေသည်။ ပြိုင်ကားထဲမှ ထွက်လာသူကတော့ Pondပင်ဖြစ်သည်။ ဆံပင်ကိုအနောက်သို့ လှန်တင်ထားပြီး တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားတာကြောင့် အများနှင့်မတူ ထူးခြားချောမောနေသောရုပ်ရောကြောင့်ရော မိသားစုအသီးသီးရဲ့ သမီးငယ်များမှာ မျက်စိကျနေလေသည်။ Pondကတော့ ဘယ်သူကိုမှ ကရုမစိုက်ပေ။ ကားပေါ်မှဆင်းကာ Joongတို့ရှိရာ ဝိုင်းသို့ တန်းသွားလိုက်လေသည်။

" ဝိုးးး...ထုံးစံအတိုင်း ဇာတ်ဆောင်မင်းသားအထာနဲ့ပါလား..." ဟု Joongမှ ပြောလာတော့သည်။ Pondမှာ မျက်ခုံးတစ်ဖက်ကို အပေါ်သို့ပင့်ပြလိုက်လေသည်။

" ပွဲက မစသေးဘူးလား...ငါပြန်ချင်နေပြီ...ဒယ်ဒီတို့ကြောင့်သာရောက်လာတာ...အာရုံမရဘူး..." ဟု Pondမှ ဝိုင်ခွက်ကိုင်ကာပြောလာသည်။

" ဖြေးဖြေးပေါ့...Piano ဖျော်ဖြေပြီးရင် ပြန်လို့ရလောက်ပြီ...အဲ့အချိန်လောက်ဆို လူကြီးတွေ စီးပွားရေးကိစ္စတွေဆွေးနွေးနေလောက်ပြီဆိုတော့..." ဟု Joongကပြန်ဖြေသည်။

စကားပြောနေကြရင်းပင် စင်ပေါ်မှ အစီအစဉ်တင်ဆက်သူက Piano နဲ့ ဖျော်ဖြေပေးမယ့်အစီအစဥ်ကို ကြေညာလာတော့သည်။

" ပွဲကို တက်ရောက်လာပေးတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများခင်မျာ...အခု အစီအစဉ်ကတော့ Piano timeပဲ ဖြစ်ပါတယ်..." ဟု ကြေညာပြီးတာနဲ့ စတိတ်စင်မှာ အမှောင်ကျသွားတော့သည်။ မီးရောင်ပြန်လင်းလာတဲ့အချိန်မှာ စင်ပေါ်မှာ pianoနဲ့ ကောင်လေးတစ်ယောက် အဖြူရောင်လေးကိုဝတ်ထားပြီး လက်ချောင်းသွယ်သွယ်လေးတွေဖြင့် တီးခတ်ပါတော့လေသည်။

Pondလည်း အစက အာရုံမထားပေမယ့် pianoသံကြားကာ စင်ပေါ်သိုကြည့်မိလေသည်။ Pondမှာ အံ့ဩသွားရတော့သည်။ စင်ပေါ်မှ Pianoတီးခတ်နေသည့်ကောင်လေးမှာ သူရှာနေခဲ့တဲ့ ကျောပြင်ပိုင်ရှင်လေး ဖြစ်နေလေသည်။ Pond မှာ မတ်တပ်ထရပ်ကာပင် ကြည့်မိတော့သည်။ မျက်လုံးမှာလည်း မျက်ရည်လေးတွေဝဲတက်လာတော့သည်။ ထပ်တွေ့ရပြန်ပြီ။ 'ကိုယ်ရှာနေရင်ပျောက်သွားတဲ့ မင်းက နောက်ဆုံးတော့ ကိုယ့်ဆီကိုယ်တိုင်ရောက်လာခဲ့ပြီပေါ့' ဟု စိတ်ထဲကနေ ပြောလိုက်တော့သည်။

Pianoတီးခတ်မှု ပြီးတာနဲ့ စတိတ်စင်မှာ အမှောင်ကျသွားပြီး စင်အောက်မှ လက်ခုပ်သံများလည်းကြားရတော့သည်။ Pond ချက်ချင်းပင် စင်အနောက်ဘက်သို့ပြေးထွက်သွားတော့သည်။ စင်အနောက်သို့ရောက်တာနဲ့ သူ၏ကျောပြင်ပိုင်ရှင်လေးကို ပတ်ရှာလေတော့သည်။

" ခုနက စင်ပေါ်မှာဖျော်ဖြေသွားတဲ့ pianistရော...သူ ဘယ်မှာလဲ "ဟု ဝန်ထမ်းတွေကို အော်မေးလေသည်။

" ထွက်သွားပါပြီရှင့်..." ဟု ဝန်ထမ်းကောင်မလေးတစ်ယောက်မှ ဖြေလာသည်။

" ဘယ်ကိုထွက်သွားတာလဲ...ဘယ်မှာလဲ...ဘယ်ဖက်ကိုလဲ..." ဟု ဆက်တိုက်မေးမိနေသည်။

" အပြင်ကိုပါရှင့်...အချိန်ပိုင်းအလုပ်သမားမို့ ပွဲပြီးတာနဲ့တန်းပြန်တာပါရှင့်..." ဟု ဝန်ထမ်းကောင်မလေးမှ ဖြေလေသည်။

Pondတစ်ယောက် ဝန်ထမ်းကောင်မလေးစကားကြားတာနဲ့ ချက်ချင်းပြေးထွက်ကာ လိုက်သွားတော့သည်။ ခြံဝန်းလျှောက်လမ်းတစ်လျှောက်ပြေးထွက်လာခဲ့တော့သည်။ အပြင်ရောက်တာနဲ့ ဟိုဖက်ဒီဖက် ကြည့်ကာရှာလေတော့သည်။ နောက်ဆုံးမှာတော့ လမ်းရဲ့ တစ်ဖက်ခြမ်းမှာ ရပ်နေသူလေးကို တွေ့သွားတော့သည်။ အဖြူလွင်လွင်လေးဖြင့် လှမ်းကြည့်နေပုံလေးက Pondကို ရင်ခုန်သံတွေမြန်လာစေသည်။ Pond လည်း ကျောပြင်ပိုင်ရှင်လေးကို ပြန်ကြည့်နေမိတော့သည်။ နှစ်ယောက်သားအပြန်အလှန်ကြည့်နေရင်းမှ Pondမှာ ကျောပြင်ပိုင်ရှင်လေး၏ လက်ကနေမှကြိုးအနီလေးတစ်ချောင်းပေါ်လာသည်ကိုတွေ့လိုက်ရသည်။ ထိုကြိုးအနီလေးသည် Pond၏ လက်သန်းကိုဆက်သွယ်နေလေသည်။ Pondမှာ သူ့လက်သန်းမှကြိုးနီလေး တစ်လျှောက်ကြည့်မိရာ လမ်းတစ်ဖက်မှ ကျောပြင်ပိုင်ရှင်လေး၏ လက်သန်းမှာသွားချည်မိနေသည်ကို တွေ့လိုက်ရသည်။ Pondမှာ အံ့ဩနေမိတော့သည်။

ထိုအချိန်မှာပင် လမ်းတစ်ဖက်က ကောင်လေးမှ လက်သန်းလေးကို မြှောက်ကာ " ဒီတစ်ခါတော့...အတူမြင်ရပြီ အစ်ကို " ဟု မျက်လုံးလှလှလေးတွေဖြင့် ယဲ့ယဲ့လေးပြုံးကာ ပြောလာလေတော့သည်။ •┈┈┈•┈┈┈•┈┈┈

There are no comments yet. Log in to be the first to leave a review!

Similar stories